နေမိုး
၇. ၅. ၂၀၂၆
ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA စစ်ဦးစီးချုပ်ထွန်းမြတ်နိုင် ရောက်နေသည့်နေရာများကို ရခိုင်ပြည်သူများက သတင်းပေးနေသဖြင့် တပ်မတော်က ဗုံးကြဲနေရသည်ဟု ဘူးလက်လှဆွေဟု နာမည်ကျော်သူ ဦးလှဆွေက ပြောကြားသည်။
တပ်မတော်အနေဖြင့် AA ၊ MNDAA နှင့် TNLA တို့ကို အကြမ်းဖက်အဖြစ်သတ်မှတ်ပြီးနောက် ထိုအကြမ်းဖက်များကို ချေမှုန်းတော့မည်ဖြစ်သဖြင့် အကြမ်းဖက်များနှင့် ယှဥ်တွဲမနေရန် စဥ်ဆက်မပြတ်သတိပေးနေသလို ထွန်းမြတ်နိုင်ကို လက်ခံသည့်မြို့များလည်း ပြားပြားမှောက်သွားနိုင်သည်ဟုလည်း ဦးလှဆွေက သတိပေးသည်။
“မေလ ၆ ရက်နေ့မှာ ကျောက်တော်ကို ဗုံးကြဲတယ်။ ဗုံးကြဲရတယ်ဆိုတာက ထွန်းမြတ်နိုင်က ကျောက်တော်ရယ်၊ မြောက်ဦးရယ်၊ ပလက်ဝရယ် ပတ်သွားနေတာ။ ပတ်ပြေးနေတာပေါ့ဗျာ။ ဘယ်နေရာမှာ သူ အတည်တကျနေတယ်ဆိုတာ သူမပြောရဲဘူး။ ပုန်းလျှိုးကွယ်လျှိုးသွားနေတာ။ ဒါပေမဲ့ သူရောက်တဲ့နေရာကို အောက်က ဒေသခံတွေက သတင်းပို့တယ်။ ထွန်းမြတ်နိုင်ရောက်လာပြီ။ အဲဒီမှာ တပ်ကသွားသွားပြီး ဗုံးကြဲရတယ်။ ဗုံးကြဲတာကလည်း တစ်စီးနှစ်စီးမဟုတ်ဘူး။ အဝကြဲတာ။ အဝကြဲတော့ ထွန်းမြတ်နိုင်ကို လက်ခံမိတဲ့မြို့ကတော့ ပြားပြားမှောက်သွားမှာပဲ”ဟု တပ်မတော်အရာရှိလည်းဖြစ်ခဲ့သည့် ဦးလှဆွေက ပြောသည်။
ထို့အပြင် ဗုံးကြဲနေသရွေ့ ဆွေးနွေးမှုမဖြစ်နိုင်ဟု ထွန်းမြတ်နိုင်က Diplomat သတင်းဌာနနှင့် တွေ့ဆုံစဥ် ပြောမှုမှာ ဗုံးမကြဲပါက ဆွေးနွေးမည်ဟု အဓိပ္ပာယ်သက်ရောက်နေသဖြင့် ဆွေးနွေးစရာမလိုဘဲ ဗုံးသာကြဲဟုလည်း ဦးလှဆွေက တိုက်တွန်းသည်။
“ထွန်းမြတ်နိုင်ကပြောပါတယ်။ ဒီပလိုမတ်ဆိုတဲ့ ဂျာနယ်နဲ့တွေ့တုန်းက ဗုံးကြဲနေရင် ဆွေးနွေးလို့မရဘူးတဲ့။ တစ်နည်းအားဖြင့် ဗုံးမကြဲရင် ဆွေးနွေးမယ်ဆိုတဲ့သဘောပေါ့။ အဲဒီတော့ ဘာလို့ဆွေးနွေးနေမှာလဲ။ ဗုံးသာကြဲ”ဟုလည်း ဦးလှဆွေက ဆိုသည်။
လက်ရှိတွင် ထွန်းမြတ်နိုင်မှာ ကျောက်တော်မှ ပလက်ဝသို့ပြေးသွားပြီဖြစ်ကြောင်းနှင့် ပလက်ဝမှာလည်း ထွန်းမြတ်နိုင်ကြောင့် မကြာခင်ဗုံးကြဲခံရမည်ဖြစ်ကြောင်း ဦးလှဆွေက သတိပေးထားသည်။
