◾ နှစ်နိုင်ငံကုန်သွယ်ရေးကို ၂၀၃၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၂၅ ဘီလျံအထိ ရည်မှန်း
၇.၅.၂၀၂၆
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံသို့ ဝန်ကြီးချုပ် နာရိန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီးရောက်ရှိနေသော ဗီယက်နမ်နိုင်ငံသမ္မတ တိုလမ်နှင့် ဝန်ကြီးချုပ် မိုဒီတို့၏ မေလ ၆ ရက်က ကျင်းပခဲ့သော ဆွေးနွေးပွဲတွင် အိန္ဒိယနှင့် ဗီယက်နမ်တို့က ၎င်းတို့၏ ဆက်ဆံရေးကို ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် မြှင့်တင်ခဲ့ပြီး ၂၀၃၀ ပြည့်နှစ်တွင် နှစ်နိုင်ငံအကြား နှစ်စဉ်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၂၅ ဘီလျံရှိရေး ရည်မှန်းချက်ကို ချမှတ်ခဲ့ကြကြောင်း သိရသည်။
ပထဝီနိုင်ငံရေး မရေရာမှုများ တိုးပွားလာနေချိန်တွင် ခေါင်းဆောင်နှစ်ဦး၏ နယူးဒေလီမြို့ဆွေးနွေးပွဲတွင် ကုန်သွယ်ရေး၊ ကာကွယ်ရေးနှင့် အရေးကြီးသော သတ္တုများကို အဓိကထား၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြကာ သဘောတူညီချက် ၁၃ ခုကို ကဏ္ဍစုံ၌ လက်မှတ်ရေးထိုးနိုင်ခဲ့ကြကြောင်းလည်း သတင်းများကဖော်ပြခဲ့ကြသည်။
ဗီယက်နမ်သမ္မတ တိုလမ်အနေဖြင့် ရာထူးတာဝန် ထမ်းဆောင်အပြီး တစ်လအတွင်းမှာပင် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်လာရောက်မှုက ဗီယက်နမ်အနေဖြင် နှစ်နိုင်ငံ ဆက်ဆံရေးအပေါ် မည်မျှ အလေးထားကြောင်း ထင်ဟပ်စေခဲ့သည်ဟု ဝန်ကြီးချုပ် မိုဒီက သမ္မတ တိုလမ်ကို ကြိုဆိုစဉ် မှတ်ချက်ပြုခဲ့သည်။
ထို့ပြင် မိုဒီက အိန္ဒိယနိုင်ငံသည် ဗီယက်နမ်ကွန်မြူနစ်ပါတီ၏အထွေထွေအတွင်းရေးမှူးလည်းဖြစ်သော သမ္မတ မစ္စတာ တိုလမ်အား နွေးထွေးစွာကြိုဆိုခဲ့ကြောင်း၊ ဤ ခရီးစဉ်က သမ္မတတိုလမ်အနေဖြင့် အိန္ဒိယ-ဗီယက်နမ်ဆက်ဆံရေးအပေါ် ဦးစားပေးလုပ်ဆောင်သည်ကို ရှင်းရှင်းလင်းလင်းထင်ဟပ်စေကြောင်း၊ ထို့ပြင် ခရီးစဉ်ကို ဗုဒ္ဓဂါယာသို့ သွားရောက်လည်ပတ်မှုနှင့် စတင်ခြင်းက နှစ်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ ယုံကြည်မှုများကို ထင်ဟပ်စေသည့် ပို၍ထူးခြားမှုဖြစ်ကြောင်း လူမှုကွန်ရက် X တွင် ရေးသားခဲ့သည်။
X တွင် ထပ်မံတင်ခဲ့သည့် ပို့စ်တစ်ခု၌ ဝန်ကြီးချုပ် မိုဒီက ခေါင်းဆောင်နှစ်ဦးသည် ကုန်သွယ်ရေး၊ နည်းပညာနှင့် ခရီးသွားလုပ်ငန်းကဲ့သို့သောနယ်ပယ်များတွင် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကို မည်သို့မြှင့်တင်မည်ကို ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။
“ယနေ့ ကျွန်ုပ်တို့၏ဆွေးနွေးပွဲများအတွင်း ကုန်သွယ်ရေး၊ နည်းပညာနှင့် ခရီးသွားလုပ်ငန်းကဲ့သို့သော နယ်ပယ်များတွင် ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကို မည်သို့မြှင့်တင်ရမည်ကို ဆွေးနွေးခဲ့ကြသည်။ ၂၀၃၀ ခုနှစ်တွင် ကုန်သွယ်မှုကို ဒေါ်လာ ၂၅ ဘီလျံအထိ တိုးမြှင့်မည့် အဓိကဆုံးဖြတ်ချက်များကို ကျွန်ုပ်တို့ ချမှတ်ခဲ့ပါသည်။ စိုက်ပျိုးရေး၊ ငါးလုပ်ငန်း၊ အရေးကြီးသော သတ္တုများ၊ ရှားပါးမြေများနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုတို့တွင် မည်သို့အတူတကွ လုပ်ဆောင်ရမည်ကိုလည်း ကျွန်ုပ်တို့ ဆွေးနွေးခဲ့ပါသည်။ ယဉ်ကျေးမှုဆိုင်ရာ ချိတ်ဆက်မှုများ မြှင့်တင်ရန်လည်း ဦးစားပေးသွားမည်ဖြစ်သည်” ဟု ဝန်ကြီးချုပ်က ရေးသားခဲ့သည်။
PTI သတင်းဌာနဖော်ပြချက်အရ မိုဒီနှင့် တိုလမ် တွေ့ဆုံပွဲအပြီးတွင် နှစ်ဖက်စလုံးက ဒစ်ဂျစ်တယ် ငွေပေးချေမှု၊ ရှားပါးသတ္တုများ၊ ဆေးဝါးများ၊ ပညာရေး၊ ဘဏ်လုပ်ငန်းနှင့် ယဉ်ကျေးမှုအပါအဝင် နယ်ပယ်စုံကို လွှမ်းခြုံထားသည့် သဘောတူညီချက် ၁၃ ခုကို လက်မှတ်ရေးထိုးခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးကိုနက်ရှိုင်းစေရန် ရည်ရွယ်ခဲ့ကြကြောင်း သိရသည်။
ခေါင်းဆောင်များသည် တရုတ်နိုင်ငံ၏ တိုးမြင့်လာသောမိမိကိုယ်မိမိ ယုံကြည်လွန်းပြီး ရဲရင့်မှုကြားတွင် အင်ဒို-ပစိဖိတ်ဒေသရှိ ပြောင်းလဲနေသောအခြေအနေကိုလည်း ဆွေးနွေးခဲ့ကြပြီး နှစ်ဖက်စလုံးက “တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် ကြွယ်ဝချမ်းသာမှု” အတွက် ဆက်လက်လုပ်ဆောင်ရန် သဘောတူညီခဲ့ကြသည်။
“ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုကာလမှာ ဗီယက်နမ်ဟာ အာဆီယံ (အရှေ့တောင်အာရှနိုင်ငံများအသင်း) ထဲမှာ အိန္ဒိယရဲ့ ပထမဆုံး မဟာဗျူဟာမိတ်ဖက်ဖြစ်လာခဲ့တယ်။ ထိုအချိန်မှစလို့ နှစ်နိုင်ငံဆက်ဆံရေးဟာ မြန်ဆန်ပြီး ပြည့်စုံတဲ့တိုးတက်မှုကို ရရှိခဲ့ပါတယ်” ဟု ဝန်ကြီးချုပ် မိုဒီက ၎င်း၏မီဒီယာကြေညာချက်တွင် ပြောကြားခဲ့သည်။
“ဒီခိုင်မာတဲ့အခြေခံအုတ်မြစ်ကို အခြေခံပြီး ဒီနေ့မှာ ကျွန်တော်တို့ရဲ့ဆက်ဆံရေးကို မြှင့်တင်ပြီး ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်ကို မြှင့်တင်နေပါတယ်။ အခုဆိုရင် ကျွန်တော်တို့ရဲ့ မိတ်ဖက်ဆက်ဆံရေးကို ပိုမိုမြင့်မားတဲ့ရည်မှန်းချက်တွေဆီ မြှင့်တင်သွားပါမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ထို့အပြင် “ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ယဉ်ကျေးမှု၊ ချိတ်ဆက်မှုနဲ့ စွမ်းရည်တည်ဆောက်မှုအပြင် လုံခြုံရေး၊ ရေရှည်တည်တံ့မှုနဲ့ ထောက်ပံ့ရေးကွင်းဆက် ခံနိုင်ရည်ရှိမှုစတဲ့ နယ်ပယ်တိုင်းမှာ အဆင့်သစ်တွေ ရောက်ရှိသွားမှာပါ” ဟု ဝန်ကြီးချုပ် မိုဒီက ထပ်လောင်းပြောကြားခဲ့သည်။
