◾️ ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲသည် မဲမသမာမှုနှင့် မဲစာရင်းမှားယွင်းမှုမရှိဘဲ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်ပြီး အောင်မြင်သည့် ရွေးကောက်ပွဲတစ်ရပ်အဖြစ် ကျင်းပနိုင်ခဲ့သည်ဟု ဝံ့ကြွား
သတိုး
၇. ၅. ၂၀၂၆
မဲမသမာမှုများ ကျူးလွန်ကာ အာဏာကို အဓမ္မရယူရန် ကြိုးပမ်းခဲ့သည့် NLD အစိုးရဟောင်းလက်ထက်က နိုင်ငံတော်နှင့်ပြည်ထောင်စုအဆင့် တာဝန်ရှိသူများ၏ မဆင်မခြင်ဆောင်ရွက်မှုများကြောင့် နိုင်ငံတော်မှနစ်နာဆုံးရှုံးခဲ့ရသည့် ငွေကြေးပမာဏအနေဖြင့် အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၃၄၄ သန်း၊ ငွေကျပ် ၂၂၆ ဒသမ ၁၀၇ ဘီလျံ ဆုံးရှုံးခဲ့ရကြောင်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က မေလ ၆ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားသည်။
အဆိုပါပြောကြားချက်ကို နိုင်ငံ့ဝန်ထမ်းများ အဂတိလိုက်စားမှုမပြုရန်နှင့် ပြည်ထောင်စုအဆင့်မှသည် တိုင်းနှင့်ပြည်နယ်အဆင့်အထိ တာဝန်ရှိသူများက ကြပ်မတ်ထိန်းသိမ်းကြရန် မှာကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတက ပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဂတိတရားကင်းစွာဖြင့် နိုင်ငံတော်မှပေးအပ်ထားသည့်တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ကာ နိုင်ငံတော်နှင့်ပြည်သူတို့၏အကျိုးကိုဖော်ဆောင်ပေးရမည်ဖြစ်ပြီး ယခင် ဒီမိုကရေစီဒုတိယအစိုးရ (NLD ကာလ) သက်တမ်းကာလတွင် နိုင်ငံတော်နှင့်ပြည်ထောင်စုအဆင့် တာဝန်ရှိသူများ၏ မဆင်မခြင်ဆောင်ရွက်မှုများကြောင့် နိုင်ငံတော်မှနစ်နာဆုံးရှုံးခဲ့ရသည့် ငွေကြေးပမာဏအနေဖြင့် အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၃၄၄ သန်း၊ ငွေကျပ် ၂၂၆ ဒသမ ၁၀၇ ဘီလျံ ဆုံးရှုံးခဲ့ရကြောင်း၊ ထိုကဲ့သို့ မဖြစ်စေရေးအတွက် မိမိတို့အနေဖြင့်လည်း လုပ်ငန်းဆောင်ရွက်မှုများ အားလုံးကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စဉ်းစားဆင်ခြင် ဆောင်ရွက်သွားကြရန် လိုကြောင်း၊ အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်အနေဖြင့် များစွာဆုံးရှုံးနစ်နာရနိုင်သည်ဖြစ်သဖြင့် အဂတိမှုများနှင့်ပတ်သက်၍ အရေးယူရသည်များ မဖြစ်ရန်လိုကြောင်း၊ အဂတိလိုက်စားမှုများမရှိစေရေး ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အလိုက် ကြပ်မတ်ထိန်းသိမ်းကြရန်လိုကြောင်းဖြင့် မှာကြားသည်။

ထို့အပြင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၅ ရွေးကောက်ပွဲသည် မဲမသမာမှုနှင့် မဲစာရင်းမှားယွင်းမှုမရှိဘဲ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်ပြီး အောင်မြင်သည့် ရွေးကောက်ပွဲတစ်ရပ်အဖြစ် ကျင်းပနိုင်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄ ဒသမ ၂၃ သန်းရှိသည့်အနက် ဆန္ဒမဲပေးသူ ၁၃ ဒသမ ၁၃ သန်းကျော်ရှိခဲ့သဖြင့် ဆန္ဒမဲပေးမှုရာခိုင်နှုန်းမှာ ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ မဲပေးသူများမှာ လူငယ်ပိုင်းနှင့် လူလတ်ပိုင်းများ အများစုဖြစ်ကြကြောင်း၊ ရွေးကောက်ပွဲတွင် ပါတီပေါင်း ၅၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်မှာ ၆ ပါတီရှိခဲ့ကြောင်း၊ ၃၁ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၁ ဦး ရွေးကောက်ခံခဲ့ရကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ခဲ့ခြင်းသည် ဒီမိုကရေစီစနစ်နှင့်အညီ အားလုံးပါဝင်သည့် ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ခြင်းပင်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ဆက်လက် ပြောကြားသည်။
ယင်းအပြင် မိမိတို့အစိုးရအဖွဲ့သည် လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲတွင် ပြည်သူလူထုမှ ၎င်းတို့၏စိတ်သဘောဆန္ဒများအလျောက် ဆန္ဒမဲပေးရွေးချယ်ပြီး ထွက်ပေါ်လာခဲ့သည့် ပြည်သူ့ကိုယ်စားလှယ်များမှ ရွေးကောက်တင်မြှောက်ထားသည့် ရွေးကောက်ခံအစိုးရအဖွဲ့ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ၌ ပြည်သူများအနေဖြင့် ဆန္ဒမဲပေးရာတွင် တက်ကြွစွာဖြင့် စည်းကမ်းတကျလာရောက်၍ မဲရုံများ၌ ဆန္ဒမဲများပေးခဲ့ကြသည်ကို တွေ့ရှိခဲ့ရကြောင်း၊ မဲပေးသူအများစုမှာ အသက် ၁၈ နှစ်နှင့် ၅၀ အကြားဖြစ်ကြကြောင်း၊ ၎င်းတို့၏ သဘောဆန္ဒအလျောက် မဲပေးခြင်းဖြစ်ကြောင်း၊ မဲပေးရာတွင် စနစ်တကျဖြင့် တန်းစီ၍မဲပေးခဲ့ကြခြင်းကို တွေ့ခဲ့ရခြင်းသည် ပြည်သူများအနေဖြင့် ရွေးကောက်ပွဲကို ထောက်ခံအားပေးမှုကိုပြသခြင်း၊ နိုင်ငံတော်အစိုးရ၏ နိုင်ငံရေးအရဆောင်ရွက်ချက်များကို ထောက်ခံမှုပြသခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင် ကြုံတွေ့ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းဆိုင်ရာများ၊ ခေတ်စနစ် အတွေ့အကြုံများအပေါ်တွင် သင်ခန်းစာယူ၍ မိမိတို့အစိုးရအနေဖြင့် ကောင်းမွန်သည့် ဦးဆောင်မှုများဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးလည်မသုန်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပြည်သူများက ရွေးချယ်ထားသည့်အစိုးရဖြစ်သဖြင့် မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားတိုးတက်စေရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ အချို့သောနိုင်ငံများအနေဖြင့် ပြည်သူများကရွေးချယ်ထားသည့် ဒီမိုကရေစီနည်းလမ်းနှင့်အညီ တာဝန်ထမ်းဆောင်နေသည့်မိမိတို့အစိုးရအပေါ်၌ ကန့်သတ်မှုများ၊ စီးပွားရေးပိတ်ဆို့မှုများကို ဖိအားပေးလုပ်ဆောင်နေကြဆဲဖြစ်ကြောင်း၊ ဒီမိုကရေစီနည်းလမ်းတကျ မိမိဆန္ဒဖြင့် လာရောက်မဲပေးကြသူများကို ဒီမိုကရေစီနိုင်ငံများမှ တန်ဖိုးထားရန်လိုပါကြောင်း၊ မည်ကဲ့သို့ပင်ဖြစ်စေ မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာဖြစ်စေရေး ဆက်လက်ဆောင်ရွက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ဆက်လက်အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်နှင့်လျော်ညီသည့် ပြောင်းလဲမှုများကိုလည်း ဖော်ဆောင်သွား မည်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

