သက်တံ့
၇. ၅. ၂၀၂၆
တရုတ်နိုင်ငံ၏ ထိပ်တန်းအွန်လိုင်း Influencer တစ်ဦးဖြစ်သူ ပိုင်ပင်းသည် အခွန်ငွေ ယွမ် ၉ သန်း ရှောင်လွှဲခဲ့မှုအတွက် ဒဏ်ငွေ ယွမ် ၁၈ ဒသမ ၉၁ သန်း (အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ သန်း) ဒဏ်ရိုက်ခံခဲ့ရပြီးနောက် လူမှုကွန်ရက်ပေါ်တွင် အာရုံစိုက်မှုများစွာ ရရှိနေသည်။
ဖော်လိုဝါ (Followers) သန်း ၄၀ ကျော်ရှိသည့် နာမည်ကြီး အစားအသောက်ဆိုင်ရာ အွန်လိုင်းဆယ်လီ (Food Influencer) ပိုင်ပင်း၏ အမှုကို ဧပြီလနှောင်းပိုင်းတွင် တရုတ်နိုင်ငံတော် အခွန်စီမံခန့်ခွဲရေးဌာန (STA) က ထုတ်ဖော်ခဲ့ကြောင်း CCTV သတင်းဌာနက ဖော်ပြသည်။ အာဏာပိုင်များ၏ ပြောကြားချက်အရ ပိုင်ပင်းသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း တစ်ကိုယ်ရေဝင်ငွေခွန်၊ တန်ဖိုးသင့်အခွန် (VAT) နှင့် အိမ်ခြံမြေအခွန် စုစုပေါင်း ယွမ် ၉ ဒသမ ၁၁ သန်း (ဒေါ်လာ ၁ ဒသမ ၃ သန်း) ကို နည်းလမ်းအမျိုးမျိုးဖြင့် လျှော့ပေါ့ပေးဆောင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် STA က ပိုင်ပင်းအား ယွမ် ၁၈ ဒသမ ၉၁ သန်း ဒဏ်ရိုက်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုပမာဏတွင် ပေးဆောင်ရန် ပျက်ကွက်ခဲ့သည့် အခွန်ငွေများနှင့် နောက်ကျကြေး ဒဏ်ငွေများ ပါဝင်သည်။ လက်ရှိတွင် ပိုင်ပင်းသည် အဆိုပါဒဏ်ငွေအားလုံးကို ပေးဆောင်ပြီးဖြစ်ကြောင်း အာဏာပိုင်များက ဆိုသည်။
◾️ စားပွဲထိုးဘဝမှ သန်းကြွယ်သူဌေးဆီသို့
အသက် ၃၂ နှစ်အရွယ် ပိုင်ပင်းသည် တရုတ်နိုင်ငံ၏ သြဇာအရှိဆုံး Food Influencer များထဲမှ တစ်ဦးဖြစ်သည်။ လူမှုကွန်ရက်စာမျက်နှာတစ်ခုတည်းမှာပင် ဖန် (Fans) သန်း ၄၀ ကျော်ရှိပြီး စုစုပေါင်း Like ပေးသူ ၆၁၀ သန်းအထိ ရှိသည်။ ၎င်း၏ ဗီဒီယိုတစ်ခုစီကို အနည်းဆုံး လူတစ်သန်းက Like ပေးလေ့ရှိပြီး အချို့ဗီဒီယိုများမှာ Like ၆ သန်းခွဲအထိ ရရှိခဲ့သည်။
ပိုင်ပင်းသည် ဂျီလင်ပြည်နယ် (Jilin) ရှိ နွမ်းပါးသော မိသားစုမှ လာသူဖြစ်သည်။ အသက် ၁၄ နှစ်တွင် ကျောင်းထွက်ခဲ့ပြီးနောက် ကြုံရာကျပန်း အလုပ်မျိုးစုံ လုပ်ကိုင်ခဲ့ရသည်။ သူသည် စားပွဲထိုးအဖြစ်လည်းကောင်း၊ ဆံသဆရာလက်ထောက်အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့ဖူးသည်။ တစ်ချိန်က မော်တော်ဆိုင်ကယ်များကို စိတ်ဝင်စားခဲ့ပြီး ဆိုင်ကယ်ဗီဒီယိုအတိုလေးများ ရိုက်ကူးခဲ့သည်။
၂၀၁၈ ခုနှစ်တွင် စားသောက်ဆိုင်များသို့ သွားရောက်စားသောက်သည့် ဗီဒီယိုများကို စတင်တင်ဆက်ခဲ့သည်။ ၎င်း၏ ဟာသနှောပြီး ရိုးရှင်းသည့်ပုံစံကြောင့် လူကြိုက်များလာခဲ့ပြီး တောင်ကိုရီးယားမင်းသား လီမင်ဟိုနှင့် ရုပ်ချင်းဆင်သောကြောင့် “Douyin လီမင်ဟို” ဟုလည်း နာမည်ကြီးသည်။
၎င်း၏ ဝင်ငွေအဓိကမှာ ကြော်ငြာများမှ ရရှိခြင်းဖြစ်သည်။ CCTV သတင်းအရ ၎င်းသည် စက္ကန့် ၂၀ အောက် ကြော်ငြာတစ်ခုအတွက် ယွမ် ၆၆၀,၀၀၀ (ဒေါ်လာ ၉၆,၀၀၀) နှင့် ထိုထက်ရှည်သော ဗီဒီယိုများအတွက် ယွမ် ၁ ဒသမ ၃၂ သန်း (ဒေါ်လာ ၁၉၃,၀၀၀) အထိ တောင်းခံလေ့ရှိသည်။
◾️ အခွန်ရှောင်သည့် နည်းလမ်း
ပိုင်ပင်းသည် အွန်လိုင်းတွင် ဇိမ်ခံလူနေမှုပုံစံများကို မကြာခဏ ပြသလေ့ရှိသော်လည်း အခွန်ဌာနတွင်မူ “ဝင်ငွေအလွန်နည်းပါးသည်” ဟု တင်ပြထားခြင်းကြောင့် STA ၏ အာရုံစိုက်မှုကို ခံခဲ့ရခြင်းဖြစ်သည်။ စုံစမ်းစစ်ဆေးမှုများအရ ၎င်းသည် ကုမ္ပဏီ ၁၀ ခုထက်မနည်းကို ထိန်းချုပ်ထားကြောင်း တွေ့ရသည်။
ချုံကင်းမြို့တွင် မှတ်ပုံတင်ထားသည့် ၎င်း၏ ကုမ္ပဏီတစ်ခုမှာ လုပ်ငန်းဝင်ငွေ အမြောက်အမြားရှိနေသော်လည်း ဝန်ထမ်းတစ်ဦးမျှ မရှိကြောင်း တွေ့ရသည်။ ပိုင်ပင်းသည် တစ်ဦးချင်းအလိုက် ဝင်ငွေရှာသော်လည်း ထိုကုမ္ပဏီကို “Shell Company” (အမည်ခံကုမ္ပဏီ) အဖြစ် အသုံးချကာ ၎င်း၏ တစ်ကိုယ်ရေဝင်ငွေကို လုပ်ငန်းဝင်ငွေအဖြစ် ပြောင်းလဲခဲ့သည်။ ထို့အပြင် ၎င်းနှင့် မိသားစုအတွက် ဝယ်ယူသည့် ဇိမ်ခံပစ္စည်းများကို ကုမ္ပဏီ၏ အသုံးစရိတ်များအဖြစ် အတုအယောင်ပြသကာ အခွန်လျှော့ပေါ့မှုများ ရယူခဲ့သည်။
“ကျွန်တော် အမှားကို ဝန်ခံပါတယ်၊ ပြစ်ဒဏ်ကိုလည်း လက်ခံဖို့ အသင့်ပါပဲ” ဟု ပိုင်ပင်းက မီဒီယာများကို ပြောကြားခဲ့သည်။ “လူထုစိတ်ဝင်စားခံရသူတစ်ဦးအနေနဲ့ ဥပဒေအတိုင်း အခွန်ပေးဆောင်ရမှာဖြစ်သလို လူ့အဖွဲ့အစည်းအတွက် စံနမူနာကောင်း ပြသသင့်တယ်ဆိုတာကို နားလည်သွားပါပြီ” ဟု ၎င်းက ဆိုသည်။
တရုတ်နိုင်ငံတွင် နာမည်ကြီးပုဂ္ဂိုလ်များ အခွန်ရှောင်သည့် ကိစ္စများမှာ မကြာခဏဆိုသလို သတင်းကြီးလေ့ရှိသည်။ ၂၀၁၈ ခုနှစ်တွင် စူပါစတား ဖန်ပင်းပင်းသည် အခွန်ရှောင်မှုကြောင့် ယွမ် ၈၈၃ သန်း ဒဏ်ရိုက်ခံခဲ့ရပြီးနောက် လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။ သုံးနှစ်အကြာတွင် နာမည်ကြီး Live-streamer တစ်ဦးဖြစ်သူ Viya လည်း အလားတူပြစ်မှုဖြင့် ယွမ် ၁ ဒသမ ၃၄ ဘီလျံ ဒဏ်ရိုက်ခံခဲ့ရဖူးသည်။
Ref : SCMP
