သတိုး
၇. ၅. ၂၀၂၆
အိန္ဒိယဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CBI) သည် အိန္ဒိယနိုင်ငံသားများကို ပြည်ပတွင် လစာကောင်းသော အလုပ်အကိုင်များရမည်ဟု အကြောင်းပြကာ မြန်မာနှင့် ကမ္ဘောဒီးယားရှိ လိမ်လည်မှုလုပ်ငန်းစု (Scam Compounds) များထံသို့ ရောင်းစားနေသည့် နိုင်ငံဖြတ်ကျော် လူကုန်ကူးမှုကွန်ရက်ကြီးတစ်ခုကို ဖော်ထုတ် ဖမ်းဆီးလိုက်သည်။
CBI သည် အိန္ဒိယနိုင်ငံတစ်ဝှမ်းရှိ ဒေလီ၊ မွမ်ဘိုင်း၊ လက်ခ်နောင်း၊ ကာရှီပူနှင့် ဥတ္တာပရာဒေ့ရှ်ပြည်နယ်အတွင်းရှိ ခရိုင်များအပါအဝင် ပြည်နယ် ၄ ခုမှ နေရာ ၉ ခုကို ဟန်ချက်ညီညီ တစ်ပြိုင်နက် ဝင်ရောက်စီးနင်းခဲ့သည်။ ဤစီးနင်းမှုသည် သားကောင်ဖြစ်ခဲ့ရသူများ၏ ထွက်ဆိုချက်များနှင့် ရှုပ်ထွေးသော ဘဏ္ဍာရေးစီးဆင်းမှုများကို အသေးစိတ်စုံစမ်းစစ်ဆေးပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။
ဤစုံစမ်းစစ်ဆေးမှု၏ အဓိကအောင်မြင်မှုအဖြစ် အဓိကတရားခံတစ်ဦးဖြစ်သူ ဥတ္တာပရာဒေ့ရှ်ပြည်နယ်၊ ဂွန်ဒါဇာတိဖြစ်သူ အီရှက်ခ် ဟက်ရှ်မီ (Ishak Hashmi) ကို လက်ခ်နောင်းမြို့တွင် ဖမ်းဆီးနိုင်ခဲ့သည်။ ၎င်းသည် လူကုန်ကူးမှုလုပ်ငန်းများကို ကြားခံဆောင်ရွက်ပေးနေသူဖြစ်ပြီး လူကုန်ကူးခံရသည့် အိန္ဒိယနိုင်ငံသား တစ်ဦးစီအတွက် လိမ်လည်မှုဝင်း လုပ်ကိုင်သူများထံမှ အခကြေးငွေ အမြောက်အမြား ရယူခဲ့သူဖြစ်သည်။ ၎င်းနှင့်အတူ သိမ်းဆည်းရမိသော ဖုန်းနှင့် Laptop များမှတစ်ဆင့် ပြည်ပရှိ ကျားဖြန့်ဂိုဏ်းချုပ်များနှင့် ဆက်သွယ်ထားသော အထောက်အထားများကို ရရှိထားသည်။
ကျွန်ပြုခံရသူများသည် မြန်မာ သို့မဟုတ် ကမ္ဘောဒီးယားသို့ ရောက်ရှိသွားသည်နှင့် နိုင်ငံကူးလက်မှတ်များ အသိမ်းခံရပြီး လုံခြုံရေးတင်းကျပ်ထားသော ဝင်းများအတွင်း ပိတ်လှောင်ခြင်း ခံရသည်။ ၎င်းတို့သည် အချစ်တုလိမ်လည်မှု (Romance Frauds)၊ Cryptocurrency လိမ်လည်မှုနှင့် ‘Digital Arrest’ ဟုခေါ်သော နည်းပညာသုံးလိမ်လည်မှုများကို လုပ်ဆောင်ရန် အတင်းအဓမ္မ ခိုင်းစေခံရသလို သွားလာခွင့် ကန့်သတ်ခံရရုံသာမက ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ နှိပ်စက်ခံရသသည့်အပြင် အချို့မှာ ပြန်လည်လွတ်မြောက်ရန်အတွက် ၎င်းတို့၏ မိသားစုများထံမှ ငွေညှစ်တောင်းခံရန် ဖိအားပေးခံနေရသည်ဟု သိရသည်။
CBI ၏ စုံစမ်းစစ်ဆေးသူများသည် ဤလူကုန်ကူးမှုကွန်ရက်တွင် Cryptocurrency (ဒစ်ဂျစ်တယ်ငွေကြေး) အသုံးပြု၍ ငွေပေးချေမှုများ ပြုလုပ်ခဲ့သည်ကို ခြေရာခံမိထားသည်။ ယခုဖမ်းဆီးရမိသော အီရှက်ခ် ဟက်ရှ်မီမှတစ်ဆင့် ကျန်ရှိနေသည့် အေးဂျင့်များနှင့် ပြည်ပမှ ပူးပေါင်းဆောင်ရွက်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိသည်။
အာဏာပိုင်များက ပြည်သူများအနေဖြင့် အွန်လိုင်းမှ အတည်မပြုနိုင်သော ပြည်ပအလုပ်အကိုင် ကမ်းလှမ်းချက်များကို အထူးသတိပြုကြရန် အသိပေးချက်များ ထုတ်ပြန်ထားပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ချဲ့ထွင်နေဖော်ထုတ်နေကြောင်း သိရသည်။
Ref : TOI & Free Press
