ပုံစာ။ တပ်မတော်၏ထိုးစစ် သေဆုံးသည့် ချင်းလက်နက်ကိုင်များ ပုံရိပ် (Photo - Ruth Nel Ngam)
နေမိုး
၇. ၅. ၂၀၂၆
ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA နှင့် NUG ကို ဩဇာခံသည့် PDF Zoland အပါအဝင် ချင်းလက်နက်ကိုင် CB အဖွဲ့ဝင်များ ယာယီသိမ်းယူထားသည့် ကနေဒီတောင်ကို တပ်မတော်စစ်ကြောင်းများက ယမန်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်နိုင်ပြီဖြစ်သည်။
ပြီးခဲ့သည့် ဧပြီ ၂၅ ရက်က AA နှင့် NUG ကို ဩဇာခံသည့် ချင်းလက်နက်ကိုင်များ ယာယီသိမ်းယူထားသည့် ဖလမ်းမြို့ကို တပ်မတော်က ပြန်လည်သိမ်းယူပြီးနောက် တီးတိန်မြို့နယ်အတွင်းတည်ရှိပြီး ချင်းပြည်နယ်၏ ဒုတိယအမြင့်ဆုံးတောင်ဖြစ်သလို နယ်မြေလုယက်ထားသည့် ချင်းညီနောင် CB အဖွဲ့ဝင်တို့၏ အထိုင်စခန်းရှိနေသော ကနေဒီတောင်မှ ချင်းလက်နက်ကိုင်အကြမ်းဖက်များကို မြေပြင်ဝေဟင် စစ်ဆင်ရေးဖြင့် မေ ၅ ရက်၊ မေ ၆ ရက်တို့တွင် ချေမှုန်းကာ တပ်မတော်က ဆယ်ရက်အတွင်း ပြန်လည်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ကနေဒီတောင်ကို ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA နှင့် NUG ကို ဩဇာခံသည့် ချင်းလက်နက်ကိုင် CB အဖွဲ့ဝင်များက ၂၀၂၃ ခုနှစ် နိုဝင်ဘာနောက်ဆုံးအပတ်က သိမ်းယူခဲ့ခြင်းဖြစ်ပြီး စစ်ရေးအချက်အခြာကျ အခြေစိုက်စခန်းဖြစ်သဖြင့် တပ်မတော်နှင့် ချင်းလက်နက်ကိုင်များအကြား အပြန်အလှန်သိမ်းယူမှုလေးကြိမ်ခန့်အထိ ရှိခဲ့သော တပ်စခန်းနေရာလည်းဖြစ်သည်။
တပ်မတော်၏ မြေပြင်ဝေဟင်ထိုးစစ်များအတွင်း PDF Zoland မှ ချင်းအမျိုးသမီးလက်နက်ကိုင်များအပါအဝင် ချင်း PDF ဆယ်ဦး သေဆုံးသွားပြီဖြစ်ပြီး လက်ရှိအခြေအနေတွင် ကနေဒီတောင်ကြော၌ တပ်မတော်နှင့် ချင်းလက်နက်ကိုင်များအကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။



