◾ အီရန်ဆိပ်ကမ်းအဖွဲ့အစည်းက သောင်တင်နေသောသင်္ဘောများအား ဝန်ဆောင်မှုပေးရန် ကမ်းလှမ်း
၇.၅.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုနဲ့ အီရန်တို့အကြား တင်းမာမှုတွေမြင့်တက်ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေလည်း ဖြစ်ခဲ့တဲ့ အမေရိကန်ရေတပ်ရဲ့ Project Freedom စစ်ဆင်ရေးကို သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က ခေတ္တရပ်ဆိုင်းထားမယ်လို့ မေလ ၅ ရက်က ပြောခဲ့အပြီး မေလ ၆ ရက်မှာတော့ သူက နှစ်နိုင်ငံအကြား နောက်ဆုံးအကြိမ် ဆွေးနွေးပွဲက စစ်ပွဲပြီးဆုံးဖို့ အခြေအနေအလွန်ကောင်းမွန်တယ်လို့ ပြောခဲ့တယ်ဆိုတာ သိရပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မေလ ၆ ရက်မှာ အမေရိကန်ရဲ့ အဆိုပြုချက်ကို အီရန်ဘက်က ပြန်လည်သုံးသပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
အီရန်ဆိပ်ကမ်းနှင့်ရေကြောင်းသွားလာရေးအဖွဲ့အစည်းက ဟော်မုဇ်ရေလက်ကြားမှာသောင်တင်နေတဲ့ စီးပွားဖြစ်သင်္ဘောတွေကို အထွေထွေရေကြောင်းဝန်ဆောင်မှုတွေ ပေးအပ်ဖို့ ကမ်းလှမ်းခဲ့တယ်လို့ အီရန်ရဲ့တရားဝင်အစ္စလာမ်သမ္မတနိုင်ငံသတင်းဌာနက မေလ ၇ ရက်နံနက်မှာ ဖော်ပြခဲ့ပါတယ်။
အဖွဲ့အစည်းက သင်္ဘောတွေအတွက် စားနပ်ရိက္ခာ၊ လောင်စာဆီ၊ ဆေးဝါးပစ္စည်းတွေနဲ့ ပြုပြင်မှုပြုဖို့ ခွင့်ပြုထားတဲ့ပစ္စည်းတွေ ပေးအပ်သွားဖို့ အသင့်ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။
ထိုသတင်းစကားကို UHF ရေဒီယိုမှတစ်ဆင့် ဒေသတွင်းရှိသင်္ဘောများထံ နောက်သုံးရက်အတွင်း တစ်နေ့လျှင် သုံးကြိမ်ထုတ်လွှင့်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ဟော်မုဇ်ရေလက်ကြားဟာ ထိထိရောက်ရောက်ပိတ်ဆို့ခံနေရဆဲဖြစ်ပါတယ်။ ယူအေအီးက အီရန်ဟာ ရေလက်ကြားကိုဖြတ်ဖို့ကြိုးစားနေတဲ့ ရေနံတင်သင်္ဘောတစ်စင်းကို မေလ ၅ ရက်က ပစ်ခတ်ခဲ့တယ်လို့ စွပ်စွဲခဲ့ပြီး အမေရိကန်စစ်တပ်က အခြားလမ်းကြောင်းကို ဦးတည်နေတဲ့ အီရန်ရေနံတင်သင်္ဘောတစ်စင်းကို မေလ ၆ ရက်က ပစ်ခတ်ခဲ့ပါတယ်။
Ref-DW News
