၇.၅.၂၀၂၆
Writtem by KL
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်ရှိ ပီတာဘားဆိုင်မှ အသက်မပြည့်သေးသော ဆိုင်ဝန်ထမ်းမိန်းကလေးငယ်ကို ရိုက်နှက်သတ်ဖြတ်ခဲ့သည့် ဘားဆိုင်ပိုင်ရှင်အား ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ယမန်နေ့ မေလ ၆ ရက်က ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ပီတာ ဘားဆိုင်ရှင် ဦးအောင်မျိုးသူ(ခ)ပီတာမှာ လူသတ်မှုဖြစ်ပွားပြီး တိမ်းရှောင်ခဲ့ရာ တစ်ရက်အကြာ၌ တုံတာမြို့ရှိ တုံတာနယ်မြေရဲစခန်းတွင် လာရောက်အဖမ်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့နယ်၊ ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်တွင် ဖွင့်လှစ်ထားသော “Peter”ဘားဆိုင်၌ မေလ ၄ ရက် ညပိုင်းက အသက် ၁၆ နှစ်အရွယ် ဆိုင်ဝန်ထမ်းမိန်းကလေးကို ဧည့်သည်များ (Tip Money) က မုန့်ဖိုးပေးခဲ့သည့်ကိစ္စ မပြောသဖြင့် ဆိုင်ပိုင်ရှင်က ရိုက်နှက်ကန်ကျောက်ရာမှ ဆိုင်ဝန်ထမ်းမိန်းကလေးငယ်မှာ ဒဏ်ရာများစွာဖြင့် သေဆုံးခဲ့သည်။
ဆိုင်ဝန်ထမ်းအဖြစ်လုပ်ကိုင်စဥ် သေဆုံးခဲ့သော မဖူးပွင့်ဝေမှာ ညောင်ရွှေမြို့ဇာတိဖြစ်ပြီး ဆိုင်ရှင်၏ရိုက်နှက်နှိပ်စက်မှုကြောင့် မျက်နှာ၊ လက်နှင့် ဝမ်းဗိုက်တို့တွင် ညိုမဲဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
“ရတဲ့ Tip money ငါးရာ၊ တစ်ထောင်ကအစ အကုန်သိမ်းပြီး ၆ လ၊ ၁ နှစ်ပြည့်မှ ခွဲပေးမယ်ပြောတဲ့ဆိုင်ပါ။ ဖုန်းနဲ့အင်တာဗျုးရင် Tip Money ကိစ္စမပြောဘဲ လူကိုယ်တိုင် ဆိုင်ရောက်ပြီး အလုပ်ဆင်းမှ အဲ့အကြောင်း သိရတာပါ။ အလုပ်ခေါ်စာထဲ ထည့်ရေးထားတဲ့ ရက်မှန်ကြေးနဲ့ အလုပ်ချိန်တွေက တကယ့်အလုပ်ဆင်းတဲ့ အချိန်ကြ အဲ့အတိုင်း မပေးပါဘူး”ဟု ထိုဘားဆိုင်တွင် အလုပ်လုပ်ခဲ့ဖူးသူ မိန်းကလေးတစ်ဦးက ပြောသည်။


