
၉.၁၁.၂၀၂၆
Written by Linn Eain
မြို့တော်နယ်နိမိတ်အတွင်း ရေပိုက်ကို ဖောက်၍ နေအိမ်အတွင်း ဆက်သွယ်ရယူခြင်း၊ ဆင့်ပွားပိုက်ဆက်ဖြင့် တပ်ဆင်ဆက်သွယ်ခြင်းအပါအဝင် တရားမဝင် ရေဆက်သွယ်မှုများ ပြုလုပ်ပါက ဒဏ်ငွေ ကျပ် ၅ သိန်းအထိ ချမှတ်ခံရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)က နိုဝင်ဘာ ၉ ရက်တွင် သတိပေးထုတ်ပြန်ခဲ့သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဖြန့်ဖြူးပေးဝေလျက်ရှိသော သောက်သုံးရေများကို မိမိတို့၏ သက်ဆိုင်ရာ မြို့နယ်များအတွင်းရှိ ရေဖြန့်ဖြူးပေးဝေရေးပိုက်လိုင်းများမှ တစ်ဆင့်ရယူသုံးစွဲလိုပါက www.ycdc.gov.mm တွင် ဖော်ပြထားသည့် အိမ်ရေဆက်သွယ်ခွင့် သတ်မှတ်ပုံစံတွင် ဖြည့်စွက်၍လျှောက်ထားနိုင်သကဲ့သို့ မြို့နယ်ရေဖြန့်ဖြူးပေးဝေရေးရုံးများမှ တစ်ဆင့်လည်း လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။
ထိုသို့ ပြည်သူများအနေဖြင့် ရေဆက်သွယ်ရယူလိုမှုများနှင့်ပတ်သက်၍ လျှောက်ထားရယူနိုင်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း ရေပိုက်ကိုဖောက်ခြင်း၊ ရေပိုက်ကိုဖောက်၍ နေအိမ်အတွင်းသို့ ဆက်သွယ်ရယူခြင်း၊ ခွင့်ပြုထားသော ရေသွယ်ပိုက်မှ ဆင့်ပွားပိုက်ဆက်ဖြင့် တပ်ဆင်ဆက်သွယ်ခြင်း၊ ခွင့်ပြုထားသော ရေသွယ်ပိုက်မှရေကို ပိုမိုရရှိရန်လျှပ်စစ် သို့မဟုတ် စွမ်းအင်တစ်မျိုးမျိုး ကိုအသုံးပြု၍ ဖြစ်စေ၊ လက်နှိပ်တုံကင်အသုံးပြု၍ ဖြစ်စေ ရေကိုရယူသုံးစွဲခြင်း၊ ခွင့်ပြုချက်ဖြင့် မူလတပ်ဆင်ထားသော ရေနှင့်သန့်ရှင်းမှုဆိုင်ရာ ပစ္စည်းအမျိုးအစား၊ အရွယ်အစားနှင့် အရေအတွက်တို့ကို ဖြည့်စွက်ပြောင်းလဲတပ်ဆင်ခြင်း သို့မဟုတ် တိုးချဲ့တပ်ဆင်ခြင်းများ မပြုလုပ်ရန် အသိပေးဖော်ပြထားသည်။
အဆိုပါ တားမြစ်ချက်များကို ကျူးလွန်ပါက ၂၀၁၈ ခုနှစ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၁၃၆ ပုဒ်မခွဲ(ဂ)အရ ပြစ်ဒဏ်အနေဖြင့် ငွေဒဏ် ကျပ်(၁)သိန်း မှ ကျပ်(၅)သိန်းအထိ ချမှတ်ခံရမည်ဖြစ်ကြောင်း ပြဌာန်းထားရှိသဖြင့် တရားမဝင် ရေဆက်သွယ်မှုများ မပြုလုပ်ကြရန် ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) အနေဖြင့် ရန်ကုန်မြို့တော်နေ ပြည်သူများထံသို့ ကျန်းမာရေးနှင့်ညီညွတ်သောသောက်သုံးရေ ပေးဝေနိုင်ရေးအတွက် နေ့စဉ် ရေအရင်းအမြစ်ကြီးများနှင့် ရေသန့်စင်စက်ရုံများမှ သန့်စင်ပြီးသောရေများကို ရေတွန်းစက်ကြီးများအသုံးပြု၍ ရေပို့ပိုက်မကြီးများမှ တစ်ဆင့် ရေစုကန်များသို့လည်းကောင်း၊ ထိုမှတစ်ဆင့် မြို့နယ်အတွင်းရှိ ရေဖြန့်ဖြူးရေး ပိုက်လိုင်းကွန်ရက်များ အတွင်းသို့လည်းကောင်း အဆင့်ဆင့်ရေသုံးစွဲသူပြည်သူများထံ သို့ စနစ်တကျ ပို့ဆောင်ဖြန့်ဖြူးပေးဝေလျက်ရှိကြောင်း သိရသည်။
