သက်တံ့
၉. ၅. ၂၀၂၆
ထိုင်းနိုင်ငံ၊ ချွန်ပူရီပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ကားမှောက်မှုတစ်ခုမှတစ်ဆင့် အသက် ၃၁ နှစ်အရွယ် တရုတ်နိုင်ငံသားတစ်ဦး၏ ငှားရမ်းနေထိုင်ရာအိမ်တွင် C4 ယမ်းဘီလူးများ၊ လူသတ်မိုင်းများ (Anti-personnel mines) နှင့် M16 ရိုင်ဖယ်နှစ်လက်တို့ကို ရှာဖွေတွေ့ရှိခဲ့ရာ၊ ၎င်းမှာ မကြာသေးမီကာလအတွင်း သာမန်အရပ်သားတစ်ဦးထံမှ သိမ်းဆည်းရမိသည့် အကြီးမားဆုံးသော လက်နက်သိုလှောင်မှုတစ်ခု ဖြစ်လာခဲ့သည်။
Mingchen Sun ဆိုသူအမျိုးသားကို ချွန်ပူရီပြည်နယ်၊ ဆတ်တာဟစ် (Sattahip) ခရိုင်၊ နာဂျွန်တီယန် (Na Jomtien) ဧရိယာတွင် ၎င်း၏ ဆီဒင်ကား တိမ်းမှောက်ခဲ့ပြီးနောက် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ အဆိုပါကားအတွင်းမှ Glock 26 ပစ္စတိုတစ်လက်၊ ကျည်အိမ်နှစ်ခုနှင့် ၉ မမ ကျည်ဆယ်တောင့်တို့ကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ၎င်းငှားရမ်းနေထိုင်သည့်အိမ်ကို ဆက်လက်ရှာဖွေရာတွင် ပိုမိုကြီးမားသော လက်နက်သိုလှောင်မှုကို တွေ့ရှိခဲ့ရသည်။
ရှာဖွေမှုများပြုလုပ်စဉ် မော်တော်ယာဉ်အတွင်းမှ သိမ်းဆည်းရမိသည့် လက်နက်များမှာ ၁။ Glock 26 ပစ္စတို ၁ လက်၊ Glock 26 ကျည်အိမ် ၂ ခု၊ ၉ မမ ကျည် ၁၀ တောင့်၊ M16 ကျည်အိမ် ၁ ခု၊ ၅.၅၆ မမ ကျည် ၂၈ တောင့်၊ ခါးပတ်ထိုး ကျည်အိမ်စွပ် ၁ ခုတို့ ဖမ်းမိခဲ့ပြီး ယင်းနေထိုင်ရာ နေအိမ်အတွင်းမှ သိမ်းဆည်းရမိသည့် လက်နက်များမှာ M16 ရိုင်ဖယ် ၂ လက်၊ M16 ကျည်အိမ် ၉ ခု၊ ၅.၅၆ မမ ကျည် ၇၆၃ တောင့်၊ C4 ယမ်းဘီလူး (ဘူးလိုက်) ၂,၄၈၆.၄ ဂရမ် ၅။ C4 ယမ်းဘီလူး (အတုံးလိုက်) ၁,၁၇၃ ဂရမ်၊ ရုရှားထုတ် POMZ-2 လူသတ်မိုင်း ၄ လုံး၊ BA/WA အမျိုးအစား လက်ပစ်ဗုံး ၄ လုံး၊ တောင်ကိုရီးယားထုတ် K75 လက်ပစ်ဗုံး ၁ လုံး၊ မြန်မာနိုင်ငံထုတ် M6/01 လက်ပစ်ဗုံး – ၁ လုံး၊ လျှပ်စစ်စနက်တံ – ၇ ခု၊ POMZ-2 မိုင်း စနက်တံအိမ် ၃ ခု၊ POMZ-2 Safety pins ၂ ခု၊ အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲနိုင်သည့် အိတ်စက်နှင့် အသံဖမ်းစက် ၂ စုံ၊ ကျည်ကာအင်္ကျီ ၃ ထည်၊ ဓာတ်ငွေ့ကာ မျက်နှာဖုံး ၂ ခု၊ Gas mask filter cartridges ၆ ခု၊ ဓာတ်ဆီ (၂၀ လီတာပုံး) ၄ ပုံး (စုစုပေါင်း ၈၀ လီတာ) တို့အား သိမ်းဆည်းရမိခဲ့သည်။
ချွန်ပူရီပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲချုပ် Pongphan Wongmaneetat က အခင်းဖြစ်ပွားရာနေရာသို့ လာရောက်ကြည့်ရှုခဲ့ပြီး သိမ်းဆည်းရမိသည့် ပစ္စည်းအားလုံးကို စာရင်းပြုစုရန် ညွှန်ကြားခဲ့သည်။ ထို့အပြင် သက်သေအထောက်အထားများ အသေးစိတ်စစ်ဆေးရန်အတွက် အမှုစစ်အဖွဲ့များကိုလည်း ခေါ်ယူခဲ့သည်။
ရဲချုပ် Pongphan က ဤအမှုကို ထိုင်းနိုင်ငံတော်ရဲတပ်ဖွဲ့ အကြီးအကဲ၏ အမိန့်အရ အမျိုးသားလုံခြုံရေး ရှုထောင့်ပေါင်းစုံမှ စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။ စုံစမ်းစစ်ဆေးမှုကို ထိခိုက်နိုင်သဖြင့် လက်နက်များနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောကြားရန် ငြင်းဆိုခဲ့သည်။
ရဲတပ်ဖွဲ့က အဆိုပါလက်နက်သိုလှောင်မှုနှင့် တိုက်ခိုက်မှုအစီအစဉ် တစ်စုံတစ်ရာကြား ဆက်နွှယ်မှုကို အတည်မပြုနိုင်သေးသော်လည်း လက်နက်များ မည်သည့်နေရာမှ ရောက်ရှိလာသည်ကို ဆက်လက်စုံစမ်းနေသည်။ ထို့အပြင် စိတ်ဓာတ်ကျရောဂါ ရှိသည်ဟု သတင်းထွက်နေသော Sun ကို စိတ်ကျန်းမာရေး အခြေအနေ အမှန်တကယ် ဟုတ်မဟုတ် စစ်ဆေးရန် စိတ်ကျန်းမာရေးဆရာဝန်နှင့် ပြသသွားမည်ဖြစ်သည်။
Sun သည် ထိုင်းနိုင်ငံသို့ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာလှည့်ခရီးသွားဗီဇာဖြင့် စတင်ဝင်ရောက်ခဲ့ပြီး ထိုစဉ်ကတည်းက အဝင်အထွက် မကြာခဏ ပြုလုပ်ခဲ့သူဖြစ်သည်။ နောက်ဆုံးအကြိမ်အဖြစ် ယခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ၅ နှစ်သက်တမ်းရှိ ဗီဇာဖြင့် ပြန်လည်ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ၎င်းသည် အဆိုပါအိမ်ကို တစ်လလျှင် ဘတ် ၃၈,၀၀၀ နှုန်းဖြင့် ၂ နှစ်ခန့် ငှားရမ်းနေထိုင်ခဲ့သည်။
စုံစမ်းစစ်ဆေးမှုများအရ Sun သည် တရုတ်နှင့် ကမ္ဘောဒီးယား နိုင်ငံကူးလက်မှတ် နှစ်မျိုးလုံးကို ကိုင်ဆောင်ထားသည့်အပြင် ထိုင်းနိုင်ငံသားမဟုတ်သူများအတွက် ထုတ်ပေးသည့် မှတ်ပုံတင်ကတ်ကိုလည်း ကိုင်ဆောင်ထားကြောင်း တွေ့ရှိရသည်။ ၎င်းသည် ဘန်ကောက်မြို့၊ ခလောင်ဆမ်ဝါ (Khlong Sam Wa) ခရိုင်ရှိ လိပ်စာတစ်ခုတွင် နေထိုင်သူအဖြစ် မှတ်ပုံတင်ထားပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ချင်းမိုင်ပြည်နယ်၊ ချင်းဒေါင် (Chiang Dao) ခရိုင်မှ ပြောင်းရွှေ့လာခြင်းဖြစ်သည်။ ၎င်းတွင် ထိုင်းနိုင်ငံသား ၁၃ လုံးပါ မှတ်ပုံတင်နံပါတ်တစ်ခုလည်း ရှိနေသဖြင့် အဆိုပါစာရွက်စာတမ်းများကို မည်သို့ရရှိခဲ့သည်ကို ရဲတပ်ဖွဲ့က စစ်ဆေးနေသည်။
အမည်မဖော်လိုသူ အိမ်နီးချင်းတစ်ဦးကမူ Sun သည် အမြဲတမ်း ဖော်ဖော်ရွေရွေရှိပြီး ဆက်ဆံရလွယ်ကူသူဟု ထင်ရကြောင်း ပြောကြားခဲ့သည်။ လက်နက်များစွာ တွေ့ရှိသည့်သတင်းကို ကြားရသည့်အခါ အလွန်ထိတ်လန့်မိကြောင်းနှင့် တစ်ခုခုသာ ပေါက်ကွဲခဲ့ပါက တစ်ရပ်ကွက်လုံး အန္တရာယ်ရှိနိုင်ကြောင်း KhaoSod သတင်းတွင် ဖော်ပြထားသည်။
Ref : The Thaiger









