သက်တံ့
၁၁. ၁၁. ၂၀၂၆
ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင် (Chon Buri)၊ ဆတ်တာဟစ် (Sattahip) ကမ်းလွန်ပင်လယ်ပြင်တွင် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ဆီတင်သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့မှုကြောင့် သင်္ဘောသား ၆ ဦး ပျောက်ဆုံးနေကြောင်း ထိုင်းတော်ဝင်ရေတပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
အမှတ် (၁) ရေတပ်နယ်မြေ ကွပ်ကဲမှုဌာနချုပ်သည် ပျောက်ဆုံးနေသော Venus 14 သင်္ဘောမှ သင်္ဘောသားများကို ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ စတင်လုပ်ဆောင်နေသည့်အပြင် ဆီယိုဖိတ်မှု ဖြစ်ပွားလာနိုင်ခြေအတွက်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။
ထိုင်းနိုင်ငံ မှတ်ပုံတင်ထားသည့် အဆိုပါ ငါးဖမ်းရေယာဉ်များသို့ စက်သုံးဆီထောက်ပံ့ပေးသည့် သင်္ဘောသည် ဆတ်တာဟစ် ရေတပ်အခြေစိုက်စခန်း ဝင်ပေါက်မှ ၂၂၇ ဒီဂရီ လားရာအတိုင်း ရေမိုင် ၂၇ မိုင်ခန့်အကွာတွင် ယနေ့ နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းက နစ်မြုပ်သွားခြင်းဖြစ်ကြောင်း ရေတပ်က ပြောကြားသည်။

ပျောက်ဆုံးနေသော သင်္ဘောသားများကို ရှာဖွေရန်နှင့် နစ်မြုပ်သွားသော သင်္ဘောတည်နေရာကို ရှာဖွေဖော်ထုတ်ရန်အတွက် ရေတပ်ကင်းလှည့်ရေယာဉ် Tor 113 နှင့် ပင်လယ်ရေကြောင်း ကင်းထောက်လေယာဉ်တစ်စင်းတို့ကို စေလွှတ်ထားသည်။ အနီးဝန်းကျင် ရေပြင်တွင် ခုတ်မောင်းသွားလာနေသည့် အခြားရေယာဉ်များကိုလည်း သတိပေးချက်များ ထုတ်ပြန်ထားသည်။
ဆီယိုဖိတ်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရေထုညစ်ညမ်းမှုကို ကြိုတင်ပြင်ဆင်ရန် ရေတပ်သည် ရေကြောင်းဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ သင်္ဘောနစ်မြုပ်ချိန်တွင် စက်သုံးဆီမည်မျှ တင်ဆောင်ထားသည်ကိုမူ မသိရှိရသေးသလို ပျောက်ဆုံးနေသူ ခြောက်ဦးမှာလည်း မည်သူမည်ဝါဖြစ်ကြောင်း စိစစ်ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။
လက်ရှိအချိန် ထိုင်းရေတပ်အနေဖြင့် လိုအပ်ပါက ချက်ချင်းစေလွှတ်နိုင်ရန် တပ်ဖွဲ့ဝင်များနှင့် ဆီယိုဖိတ်မှု တုံ့ပြန်ရေးပစ္စည်း ကိရိယာများ အသင့်ပြင်ဆင်ထားသည့် ရေတပ်ဆွဲသင်္ဘော HTMS Panyi နှင့် ရဟတ်ယာဉ်တစ်စင်းတို့ကိုလည်း အသင့်အနေအထားဖြင့် ထားရှိသည်။
ပင်လယ်ရေကြောင်း ဂေဟစနစ်အပေါ် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်စေရန် အခြေအနေကို အနီးကပ် စောင့်ကြည့်နေသကဲ့သို့ ရှာဖွေကယ်ဆယ်ရေး ကြိုးပမ်းမှုများကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရေတပ်က ပြောကြားခဲ့သည်။
Ref: Bangkok Post
