၁၁.၁၁.၂၀၂၆
Translated by Htwe Ko Tun
ယူကရိန်းနိုင်ငံ၌ ဖြစ်ပွားနေသော စစ်ပွဲကို အဆုံးသတ်ရန် ရည်ရွယ်သည့် ယူကရိန်း၊ ရုရှားနှင့် အမေရိကန်တို့အကြား နှစ်ရက်ကြာ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ပထမနေ့အဖြစ် အဘူဒါဘီမြို့၌ နိုဝင်ဘာလ ၁၀ ရက်တွင် စတင်ကျင်းပခဲ့ကြသည်။
လေးနာရီကြာမြင့်ခဲ့သည့် ပထမနေ့ဆွေးနွေးပွဲအပြီးတွင် ယူကရိန်းနှင့် ရုရှားတို့မှ အဆင့်မြင့် အရာရှိကြီးများက မည်သည့်အသေးစိတ် အချက်အလက်ကိုမျှ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့သော်လည်း ဆွေးနွေးပွဲတွင် ကိုယ်တိုင်မပါဝင်ခဲ့သည့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးကမူ ဆွေးနွေးပွဲများသည် အပြုသဘောဆောင်ပြီး အနှစ်သာရရှိကြောင်း ပြောကြားခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကလည်း အဆိုပါ အစည်းအဝေးသည် အလွန်အကျိုးဖြစ်ထွန်းကြောင်း ပါရီမြို့မှ ပြောကြားခဲ့သည်။
ဆွေးနွေးပွဲက စစ်ပွဲကို အလုံးစုံ အဆုံးသတ်နိုင်မည့် အောင်မြင်မှုမျိုး ရရှိလာနိုင်ခြေ နည်းပါးသည်ဟု ယူဆရသော်လည်း စစ်ပွဲအပြီး ကာလတွင် ယူကရိန်းနိုင်ငံ အရှေ့ပိုင်းဒေသများကို မည်သူက ထိန်းချုပ်မည်ဆိုသည့် ကိစ္စရပ်နှင့် ပတ်သက်၍ဆွေးနွေးလာနိုင်မည်ဟု အမေရိကန် အရာရှိများက ယခင်က ပြောကြားထားခဲ့သည်။
စစ်သုံ့ပန်းများ လဲလှယ်ရေးကဲ့သို့သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း ဇယ်လန်းစကီးက ပြောကြားသည်။
နှစ်ဖက်သဘောထားကွဲလွဲမှု အဓိကဖြစ်ပွားနေသည့် နေရာတစ်ခုမှာ ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဒွန်နက်စ်ဒေသဖြစ်ပြီး ယင်းဒေသ၏ အများစုကို ရုရှားက သိမ်းပိုက်ထားသည်။
ယူကရိန်းအနေဖြင့် ဒွန်နက်စ်ဒေသတွင် ၎င်းတို့ ဆက်လက်ထိန်းချုပ်ထားသည့် နေရာများကို လက်လွှတ်ပေးရန် ရုရှားက တောင်းဆိုထားသည်။ တစ်ဖက်တွင်လည်း ယူကရိန်းကမူ လက်ရှိ တိုက်ပွဲဖြစ်ပွားရာ မျဉ်းကြောင်းအတိုင်း ရပ်တန့်ထားပြီး ယင်းဒေသများကို ဆက်လက်ထိန်းချုပ်ထားလိုသည်။ ၎င်းတို့၏ အဆိုအရ ယင်းဒေသများသည် နိုင်ငံ၏ အနာဂတ် လုံခြုံရေးအတွက် အလွန်အရေးပါသောကြောင့် ဖြစ်သည်။
နိုဝင်ဘာလ ၁၀ ရက်ဆွေးနွေးပွဲများ စတင်ချိန်တွင် သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်၏ သားမက်ဖြစ်သူ ဂျာရက် ကုရှ်နာက ကိုယ်စားလှယ်များအား ပြောကြားရာတွင် အမေရိကန်အနေဖြင့် နှစ်ဖက်အကြားရှိ ကွာဟချက်များကို လျှော့ချပေးနိုင်ခဲ့ကြောင်းနှင့် စစ်ပွဲကို အဆုံးသတ်စေမည့် ဖြေရှင်းနည်းလမ်းတစ်ခုဆီသို့ ဦးတည်သွားနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံစလုံး၏ စစ်ပွဲအပြီးကာလ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပေးရေးအပေါ် ဆွေးနွေးပွဲများက အဓိကထားမည်ဖြစ်ကြောင်း ကုရှ်နာက ယခင်က ပြောကြားထားခဲ့သည်။
ယူကရိန်းအတွက်မူ စစ်ပွဲအပြီး “လုံခြုံရေးဆိုင်ရာ ဖွဲ့စည်းပုံ” ဆိုသည်မှာ နိုင်ငံသည် နောက်တစ်ကြိမ် တိုက်ခိုက်ခံရပါက မဟာမိတ်များက ကူညီပေးမည်ဟူသော အာမခံချက်မျိုး ပါဝင်နိုင်သည်။ ရုရှားအတွက်မူ ၎င်း၏ နှစ်ပေါင်းများစွာ ကြာမြင့်လာပြီဖြစ်သော ရည်မှန်းချက်တစ်ခု ဖြစ်သည့် နေတိုးအဖွဲ့ အရှေ့ဥရောပမှ ဆုတ်ခွာသွားစေရေး ဆိုသည့်အချက် ပါဝင်နိုင်ပြီး ဤအချက်သည် ဥရောပနိုင်ငံများအတွက်မူ စိုးရိမ်ဖွယ်အချက်တစ်ခုအဖြစ် ယူဆထားကြသည်။
ကိုပင်ဟေဂင်မြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အမေရိကန်အရာရှိများ၏ ညှိနှိုင်းဆွေးနွေးမှုဆိုင်ရာ ချဉ်းကပ်ပုံနှင့် ပတ်သက်၍ မေးမြန်းခံရသောအခါ ဇယ်လန်းစကီးက “ကျွန်တော် ပြောင်းလဲမှုတွေကို မြင်တွေ့နေရပါတယ်။ ကြားသိရတဲ့ အရာတွေအတွက်လည်း အလွန်ဝမ်းသာမိပါတယ်” ဟု ဖြေကြားခဲ့သည်။
ထရမ့်ပ်၏ ငြိမ်းချမ်းရေးဆိုင်ရာ ကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်နှင့် ကုရှ်နာတို့သည် အဓိက အစည်းအဝေးနှင့် တစ်ပြိုင်နက်တည်းတွင် ယူကရိန်း၊ ဥရောပနှင့် နေတိုးအုပ်စုမှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့သည်။ သို့သော် အမေရိကန် အရာရှိတစ်ဦး၏ ပြောကြားချက်အရ ရုရှားတို့အနေဖြင့် ဥရောပနိုင်ငံများနှင့် ပတ်သက်၍ မကောင်းသောအမြင် သို့မဟုတ် ခါးသီးသည့် အတွေ့အကြုံမျိုး ရှိနေကြောင်း သိရသည်။
ယူကရိန်း၊ ရုရှားနှင့် အမေရိကန်တို့မှ အဆင့်မြင့် အရာရှိကြီးများသည် နိုဝင်ဘာလ ၁၁ ရက်တွင် ဒုတိယမြောက်နေ့အဖြစ် ဆွေးနွေးပွဲများကို ဆက်လက်ပြုလုပ်ကြမည်ဖြစ်သည်။
Ref: BBC
