၁၁.၁၁.၂၀၂၆
Written by NYL
ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ ခိုးဝင်ဘင်္ဂလီများကိစ္စနှင့် ပတ်သက်ပြီး ပုဗ္ဗသီရိမဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက နိုဝင်ဘာ ၁၀ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ဆက်စပ်မေးခွန်းအနေဖြင့် မေးမြန်းခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်းက ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက အဆိုပါမေးခွန်းနှင့် ပတ်သက်ပြီး မိမိလည်း ထိုအလုပ်များလုပ်ခဲ့ဖူးသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနှင့် ဆက်စပ်ဌာနများ ဆောင်ရွက်နေသည်ကို နားလည်ပြီး ပိုပြီးထိရောက်သည့်နည်းလမ်းများဖြင့် ဆောင်ရွက်သင့်ကြောင်း အကြံပြုပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက “ဒီမေးခွန်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်လည်း ဒီအလုပ်တွေ လုပ်ခဲ့ဖူးတော့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ဆက်စပ်ဌာနတွေက ဆောင်ရွက်နေတာကို ကျွန်တော်တို့လည်း နားလည်ပါတယ်။ သဘောလည်းပေါက်ပါတယ်။ အဲဒီတော့ ဒီကိစ္စက ကျွန်တော်တို့ နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ လုံခြုံရေး၊ အမျိုးသားရေး၊ ယဉ်ကျေးမှု ဒါတွေနဲ့အားလုံး ဆက်စပ်နေတဲ့ ကိစ္စဖြစ်တော့ ပိုပိုပြီး ထိရောက်တဲ့ နည်းလမ်းများနဲ့ ဆောင်ရွက်သင့်တယ်လို့ အကြံပြုပါတယ်” ဟုပြောကြားခဲ့သည်။

အဆိုပါ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၆ ရက်မြောက်နေ့တွင် ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ရန်ကုန်- မန္တလေး- တောင်ကြီး-မော်လမြိုင်အပါအဝင် တစ်နိုင်ငံလုံးရှိ တရားမဝင်နိုင်ငံခြားသားများအား စစ်ဆေးရန်နှင့် မူရင်းနိုင်ငံသို့ပြန်ပို့ရန် အစီအစဉ် ရှိ မရှိ မေးခွန်းအား မေးမြန်းပြီးနောက် နယ်စပ်မစိုးမိုးနိုင်သေးသည့် အခြေအနေတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်လာသည့် ဘင်္ဂလီများဝင်ရောက်နေမှုအပေါ် မည်ကဲ့သို့ ကာကွယ်တားဆီးမည်ဆိုသည်ကို တစ်ဆက်တစ်စပ်တည်းမေးခွန်းအနေဖြင့် ထပ်မံမေးမြန်းခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက “ရခိုင်ပြည်နယ်မှာလည်း တိုက်ပွဲဖြစ်နေတယ်။ သေချာလေးတော့ နယ်စပ်တွေကို မစိုးမိုးနိုင်သေးဘူး။ ဒီလိုအခြေအနေမှာ အဓိကကတော့ ဘင်္ဂလားဒေ့ရှ်ကနေ ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေဟာ ခြေလျင်လမ်းကရော၊ စက်လှေတွေနဲ့ရော တော်တော်များများကို AA သောင်းကျန်းသူလက်နက်ကိုင်များကလည်း လွှတ်ပေးနေတယ်လို့ ကျွန်တော်တို့သတင်းကြားရတယ်။ အဲဒါကြောင့်မို့ ကျွန်တော်တို့ ဒီဖက်မှာ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတို့ ဒီနေရာတွေမှာ တစ်ဆက်တစ်စပ်တည်း သူတို့က စက်လှေတွေနဲ့ တော်တော်များများရောက်လာတယ်လို့ သတင်းရတဲ့အတွက်ကြောင့် ကျွန်တော်တို့ အဲဒါလေးကို ဘယ်လိုမျိုးကာကွယ်တားဆီးမလဲဆိုတာလေး ဖြေပေးပါခင်ဗျာ” ဟု မေးမြန်းခဲ့သည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်းက မိမိတို့ ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များက စီမံချက်များရေးဆွဲ၍ မြေပြင်ကွင်းဆင်း စိစစ်ခြင်း၊ ဖမ်းဆီးဆောင်ရွက်ခြင်းများ ဆောင်ရွက်ရန်အတွက် နိုင်ငံတော်အစိုးရသို့ စီမံချက်များရေးဆွဲပြီး တင်ပြလျက်ရှိရာ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
“ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များက စီမံချက်များရေးဆွဲ၍ မြေပြင်ကွင်းဆင်း စိစစ်ခြင်း၊ ဖမ်းဆီးဆောင်ရွက်ခြင်းများ ဆောင်ရွက်ရန်အတွက် နိုင်ငံတော်အစိုးရကို စီမံချက်များရေးဆွဲပြီးတော့ တင်ပြလျက်ရှိပါတယ်။ အဆိုပါ စီမံချက်များမှာ မိမိတို့ ဝန်ကြီးဌာနမှ ပါဝင်ပြီးတော့ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ တိုင်းဒေသကြီး/ပြည်နယ်များမှာ အရှိန်အဟုန်နဲ့ ဆောင်ရွက်နေပါကြောင်း” လဝက ဒုတိယဝန်ကြီး ဖြေကြားခဲ့သည်။
ထို့ပြင် မြေပြင်တွင်လည်း လွှတ်တော်ကိုယ်စားလှယ်ကြီးများ ပြန်လည်ရောက်ရှိပါက အဆိုပါ ဆောင်ရွက်ချက်များကို လေ့လာကြည့်ရှုပြီး လိုအပ်ချက်များရှိပါက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ အကြံပြုချက်များ ထပ်မံတင်ပြပေးနိုင်ကြောင်း ဒုဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။
