သက်တံ့
၁၁. ၁၁. ၂၀၂၆
အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က BBC သတင်းဌာနအပေါ် စွဲဆိုထားသည့် အသရေဖျက်မှုကို ပယ်ဖျက်ပေးရန် BBC ဘက်က လျှောက်ထားခဲ့သော်လည်း ဖလော်ရီဒါပြည်နယ်ရှိ ဖက်ဒရယ်တရားသူကြီးတစ်ဦးက အဆိုပါအမှုကို ဆက်လက်စစ်ဆေးရန် ခွင့်ပြုလိုက်ပြီဖြစ်သည်။
၂၀၂၁ ခုနှစ် အမေရိကန် ကယ်ပီတိုလ် (Capitol) လွှတ်တော်အဆောက်အအုံ အဓိကရုဏ်း မဖြစ်ပွားမီ ထရမ့်ပ် ပြောကြားခဲ့သည့် မိန့်ခွန်းမှ မတူညီသော အစိတ်အပိုင်းနှစ်ခုကို ပေါင်းစပ်တည်းဖြတ်ကာ BBC ၏ Panorama အစီအစဉ်တွင် ထုတ်လွှင့်ခဲ့ခြင်းအပေါ် အမေရိကန်သမ္မတက တရားစွဲဆိုထားခြင်း ဖြစ်သည်။
သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်သည် ဗြိတိသျှအသံလွှင့်ကော်ပိုရေးရှင်း (BBC) အပေါ် စွဲဆိုထားသည့် ၎င်း၏ အသရေဖျက်မှု တရားစွဲဆိုမှုတွင် ထွက်ပေါ်လာသော စီရင်ဆုံးဖြတ်ချက်အပေါ် အောင်ပွဲခံခဲ့ပြီး ယင်းဆုံးဖြတ်ချက်ကို “သတင်းအတုများ ထုတ်လွှင့်သည့် BBC ကို ဆန့်ကျင်နိုင်ခဲ့သော ကြီးမားသည့် အောင်ပွဲတစ်ခု” ဟု ခေါ်ဆိုခဲ့သည်။
အင်္ဂါနေ့က Truth Social လူမှုကွန်ရက်တွင် တင်ခဲ့သော ပို့စ်တစ်ခု၌ ထရမ့်ပ်က BBC ကို “အမှန်တရားကို အဆိုးရွားဆုံး အလွဲသုံးစားလုပ်သူ” အဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ ထို့နောက် အမေရိကန် ခရိုင်တရားသူကြီး ဂျက်ဖရီ ကွန်ဇ် (Jeffrey Kuntz) ၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။
“တရားသူကြီး ကွန်ဇ်က သူ့ရဲ့ အားကောင်းလှတဲ့ စီရင်ချက်ထဲမှာ ‘ဒီနေရာမှာ သတင်းဌာနကိုယ်တိုင်က ဇာတ်လမ်းကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ BBC အနေနဲ့ သမ္မတထရမ့်ပ် လုံးဝမပြောခဲ့တဲ့ စကားတစ်ခုကို ပြောခဲ့သယောင် ထင်မြင်လာအောင် ဗီဒီယိုကို တည်းဖြတ်ခဲ့တယ်လို့ အတည်ပြုလိုက်ခြင်းအားဖြင့် ဒီအချက်ကို ဝန်ခံလိုက်တာပါပဲ’ လို့ ရေးသားခဲ့ပါတယ်” ဟု ထရမ့်ပ်က ရေးသားခဲ့သည်။

BBC ၏ တည်းဖြတ်မှုသည် ထရမ့်ပ်၏ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့သည်ဟု ယုတ္တိတန်စွာ လျှောက်လဲနိုင်ခဲ့ကြောင်း တွေ့ရှိခဲ့ပြီးနောက် တရားသူကြီး ကွန်ဇ်က သမ္မတ၏ အသရေဖျက်မှု စွဲချက်ကို ဆက်လက်စစ်ဆေးရန် ခွင့်ပြုခဲ့ပြီးနောက် ထရမ့်ပ်က ယခုကဲ့သို့ အွန်လိုင်းပေါ်တွင် အောင်ပွဲခံခဲ့ခြင်းဖြစ်သည်။ ရိုက်တာ (Reuters) သတင်းဌာန၏ ဖော်ပြချက်အရ တရားသူကြီးသည် BBC က ဖလော်ရီဒါပြည်နယ်၏ မမျှတသော ကုန်သွယ်မှုကျင့်ထုံးဆိုင်ရာ ဥပဒေကို ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲထားသည့် သီးခြားစွဲချက်တစ်ခုကိုမူ ပယ်ချခဲ့သည်။
“အမေရိကန်ပြည်သူတွေကို လှည့်ဖြားဖို့ ကြိုးစားနေတဲ့ ဘယ်သူ့ကိုမဆို ကျွန်တော်တို့ ဆက်လက်တိုက်ပွဲဝင်ပြီး အနိုင်ယူသွားမှာပါ” ဟု ထရမ့်ပ်က ထပ်လောင်းပြောကြားခဲ့သည်။
BBC ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ “ဒီဆုံးဖြတ်ချက်အပေါ် ကျွန်တော်တို့ အံ့အားသင့်မိပါတယ်၊ ဒါပေမဲ့ တရားရုံးရဲ့ အခွင့်အာဏာကို လေးစားပြီး အမှုကို နောက်တစ်ဆင့် ဆက်လက်စစ်ဆေးသွားမယ်ဆိုတာကို မှတ်သားထားပါတယ်” ဟု ပြောကြားခဲ့သလို “ကျွန်တော်တို့ရဲ့ ရပ်တည်ချက်အပေါ် ယုံကြည်မှု အပြည့်ရှိဆဲဖြစ်ပြီး မှန်ကန်တဲ့ တရားဥပဒေလုပ်ငန်းစဉ်ကနေတစ်ဆင့် ဆက်လက်တုံ့ပြန်သွားမှာပါ” ဟု BBC ပြောရေးဆိုခွင့်ရှိသူက ထပ်လောင်းပြောကြားသည်။
အမှု၏ အမှားအမှန် အကျိုးအကြောင်းအပေါ် အပြီးသတ် ဆုံးဖြတ်ချက် မချရသေးသော်လည်း BBC အပေါ် ထရမ့်ပ်၏ အသရေဖျက်မှု စွပ်စွဲချက်များသည် အမှုဆက်လက်စစ်ဆေးရန် လုံလောက်မှုရှိကြောင်း တရားသူကြီး ကွန်ဇ်က တွေ့ရှိခဲ့သည်။
“သမ္မတထရမ့်ပ်အနေနဲ့ ဒီစွပ်စွဲချက်တွေကို သက်သေပြနိုင်မလား၊ အမှုစစ်ဆေးတဲ့အခါ နစ်နာဆုံးရှုံးမှုတွေ ရှိခဲ့တယ်ဆိုတာကို အခိုင်အမာ တင်ပြနိုင်မလားဆိုတာကတော့ နောက်တစ်ချိန်မှာ ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်ပါတယ်” ဟု ၎င်းက အင်္ဂါနေ့ အမိန့်စာတွင် ရေးသားခဲ့သည်။
BBC ကမူ Panorama အစီအစဉ်တွင် ထုတ်လွှင့်ခဲ့ခြင်းအတွက် တောင်းပန်ခဲ့ပြီး ထိုထုတ်လွှင့်မှုသည် “ထရမ့်ပ်က အကြမ်းဖက်လုပ်ရပ် လုပ်ဆောင်ရန် တိုက်ရိုက်လှုံ့ဆော်ခဲ့သည်ဟု အထင်မှားစေခဲ့ကြောင်း” ဝန်ခံခဲ့သည်။ သို့သော် ထိုအစီအစဉ်သည် အသရေဖျက်မှုဆိုင်ရာ ဥပဒေစံနှုန်းများနှင့် မကိုက်ညီသလို အမေရိကန်ပြည်ထောင်စုတွင်လည်း ထုတ်လွှင့်ပြသခဲ့ခြင်း မရှိကြောင်း အကြောင်းပြကာ တရားစွဲဆိုမှုကို ပယ်ဖျက်ပေးရန် BBC က တရားရုံးသို့ တောင်းဆိုခဲ့သည်။
အသရေဖျက်မှုအပြင် BBC သည် ဖလော်ရီဒါပြည်နယ် ဥပဒေ၊ အထူးသဖြင့် လှည့်ဖြားမှုနှင့် မမျှတသော ကုန်သွယ်မှုကျင့်ထုံးများဆိုင်ရာ အက်ဥပဒေ (Deceptive and Unfair Trade Practices Act) ကို ချိုးဖောက်ခဲ့ကြောင်းလည်း ထရမ့်ပ်က စွဲဆိုခဲ့ပြီး နစ်နာကြေး ဒေါ်လာ ၁၀ ဘီလျံ တောင်းဆိုခဲ့သည်။ သို့သော် မှတ်တမ်းရုပ်ရှင်သည် စီးပွားရေးကြော်ငြာဆိုင်ရာ ပြောဆိုမှု (Commercial speech) မဟုတ်ကြောင်း ဆုံးဖြတ်ကာ ကွန်ဇ်က အမှု၏ ထိုအစိတ်အပိုင်းကို အင်္ဂါနေ့တွင် ပယ်ချခဲ့သဖြင့် နစ်နာကြေး ဒေါ်လာ ၁၀ ဘီလျံ တောင်းခံမှုမှာမူ ပမာဏပြောင်းလဲသွားဖွယ်ရှိနေသည်။
Ref: BBC & Raw Story
