သက်တံ့
၁၁. ၁၁. ၂၀၂၆
အမေရိကန် အာကာသအေဂျင်စီ (NASA) ၏ သတင်းအချက်အလက်စနစ်များအတွင်းရှိ လုံခြုံရေးအားနည်းချက်တစ်ခုကို ရှာဖွေဖော်ထုတ်ပြီး တာဝန်ယူမှုရှိစွာ အစီရင်ခံတင်ပြနိုင်ခဲ့သည့်အတွက် ခွန်ကန်တက္ကသိုလ် (Khon Kaen University) မှ ထိုင်းလူမျိုး ဆိုက်ဘာလုံခြုံရေး ပထမနှစ်ကျောင်းသားတစ်ဦးသည် NASA ထံမှ ဂုဏ်ပြုအသိအမှတ်ပြုစာတစ်စောင် လက်ခံရရှိခဲ့သည်။
တက္ကသိုလ်၏ ကွန်ပျူတာကောလိပ် (College of Computing)၊ ဆိုက်ဘာလုံခြုံရေးဘာသာရပ်မှ ကျောင်းသားဖြစ်သူ သာနာဖွန် ဘတ်ဆရီစီချာ (Thanaphon Butsrisicha) သည် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့ ရက်စွဲပါ တရားဝင် ကျေးဇူးတင်ဂုဏ်ပြုလွှာကို လက်ခံရရှိခဲ့ကြောင်း ခွန်ကန်တက္ကသိုလ်က ထုတ်ပြန်ကြေညာခဲ့သည်။ သာနာဖွန်ကို အွန်လိုင်းပေါ်တွင် nullbyt3z ဟူသော အမည်ဝှက်ဖြင့်လည်း လူသိများသည်။ တက္ကသိုလ်၏ ပြောကြားချက်အရ NASA သည် ၎င်းတို့၏ အာကာသသတင်းအချက်အလက်စနစ်များ ခိုင်မာမှုနှင့် အသုံးပြုနိုင်မှုတို့ကို ထိန်းသိမ်းရာတွင် သာနာဖွန်၏ ပါဝင်ကူညီမှုကို အသိအမှတ်ပြုခဲ့ခြင်း ဖြစ်သည်။
သာနာဖွန်သည် ဝက်ဘ်စာမျက်နှာများအတွင်းသို့ အန္တရာယ်ရှိသော ကုဒ်များ ထည့်သွင်းနိုင်စေသည့် လုံခြုံရေးအားနည်းချက်တစ်မျိုးဖြစ်သော Cross-Site Scripting (XSS) အားနည်းချက်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် အဆိုပါပြဿနာကို NASA ၏ လုံခြုံရေးအားနည်းချက် ထုတ်ဖော်ပြောကြားခြင်းဆိုင်ရာ မူဝါဒ (Vulnerability Disclosure Policy – VDP) မှတစ်ဆင့် အစီရင်ခံတင်ပြခဲ့ခြင်း ဖြစ်သည်။

တက္ကသိုလ်၏ ကွန်ပျူတာကောလိပ်က ၎င်း၏ လုပ်ဆောင်ချက်ကို တာဝန်ယူမှုရှိသော ထုတ်ဖော်အသိပေးခြင်း (Responsible Disclosure) ဟု ဖော်ပြခဲ့ပြီး ယင်းမှာ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်ပိုင်ရှင်ထံ တိုက်ရိုက်အစီရင်ခံသည့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ စံနှုန်းကျင့်ဝတ်တစ်ခု ဖြစ်သည်။
ဤကျင့်ထုံးကြောင့် သုတေသီများက လုံခြုံရေးအားနည်းချက်များကို အလွဲသုံးစားမလုပ်ဘဲ အသေးစိတ်အချက်အလက်များကို အများပြည်သူထံ ထုတ်ဖော်မပြသမီ အဖွဲ့အစည်းများအနေဖြင့် လုံခြုံရေးအားနည်းချက်များကို စုံစမ်းစစ်ဆေးပြီး ဖြေရှင်းနိုင်စေသည်။
ယခုကဲ့သို့ အသိအမှတ်ပြုခံရသည့်အတွက် ဂုဏ်ယူမိကြောင်း သာနာဖွန်က ပြောကြားခဲ့သည်။ ၎င်း၏ အစီရင်ခံစာသည် လုံခြုံရေးအားနည်းချက်ကို တိကျစွာ ဖော်ပြနိုင်စေရန်နှင့် အခြားသုတေသီများ တင်သွင်းထားပြီးသား တွေ့ရှိချက်များနှင့် ထပ်တူမကျစေရန်အတွက် အဆိုပါစနစ်ကို တစ်လကျော်ကြာ စစ်ဆေးလေ့လာသုံးသပ်ခဲ့ရကြောင်း ၎င်းက ရှင်းပြသည်။

တက္ကသိုလ်၏ ဆိုက်ဘာလုံခြုံရေးအစီအစဉ် ဥက္ကဋ္ဌဖြစ်သူ လက်ထောက်ပါမောက္ခ ဒေါက်တာ ဖက် အင်မ်ထောင်းခမ်း (Dr Phet Imthongkham) က ယခုအောင်မြင်မှုသည် သာနာဖွန်၏ နည်းပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်နှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျင့်ဝတ်တို့ကို သက်သေပြလိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အရည်အချင်းပြည့်ဝသော ဘွဲ့ရပညာရှင်များ မွေးထုတ်ပေးရာတွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဖြောင့်မတ်မှန်ကန်မှုသည် အရေးကြီးသော အခြေခံမူတစ်ရပ်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။ စာသင်ခန်းတွင်းမှ အသိပညာများကို ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းကြီးတစ်ခုတွင် လက်တွေ့ အသုံးချနိုင်ခဲ့ခြင်းကလည်း လက်တွေ့သင်ယူမှု၏ တန်ဖိုးကို ပေါ်လွင်စေခဲ့ကြောင်း ၎င်းက ဆိုသည်။
Ref: The Thaiger
