သက်တံ့
၉. ၅. ၂၀၂၆
ထိုင်းနိုင်ငံတွင် အလုပ်ရှင်များ၏ နှိပ်စက်ခံရသည့် မြန်မာလုပ်သားတစ်ဦးကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ထောက်ပံ့ငွေပေးအပ်ကာ တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။
ထိုင်းသတင်းများတွင် ဖော်ပြမှုများအရ ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင် ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုတွင် စကားပြန်အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသားတစ်ဦးကို ပိုင်ရှင်နှင့် တရုတ်နိုင်ငံခြားသားများက ရိုက်နှက်နှိပ်စက်ကာ ရေနွေးပူများဖြင့် လောင်းခဲ့ကြောင်း၊ ရေနွေးပူများကို ပါးစပ်ထဲလောင်းထည့်မည်ဟုလည်း ခြိမ်းခြောက်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ပြီး ကျူးလွန်သူသုံးဦးကို ဖမ်းဆီးထားသည်ဟုလည်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ဒဏ်ရာများရရှိကာ ဆေးကုသမှုခံယူနေရသူ မြန်မာနိုင်ငံသား ကိုသားသား၊ အသက် (၂၇)နှစ်၊ ဇာတိ မြစ်ကြီးနားမြို့အား ယမန်နေ့ မေလ ၈ ရက် နံနက် ၁၀ နာရီခွဲအချိန်တွင် မြန်မာသံရုံး၊ ဗန်ကောက်မြို့ အစည်းအဝေးခန်းမ၌ မြန်မာသံရုံးမှ အရာရှိများ၊ အလုပ်သမားသံအရာရှိတို့နှင့်အတူ တွေ့ဆုံ၍ ညှင်းပန်းနှိပ်စက်မှုပြုခံရသည့် ဖြစ်စဉ်နှင့် အမှုဖွင့်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးက မေးမြန်းခဲ့ပြီး မြန်မာသံရုံး၏ ကိုယ်စား နှစ်သိမ့်အားပေးစကား ပြောကြားခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးက ယခုဖြစ်စဉ်နှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေနှင့်အညီ တရားမျှတမှုရှိစေရေး၊ ပြစ်ဒဏ်ကျူးလွန်သူများအပေါ် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ မြန်မာလုပ်သားအတွက် ထိုက်သင့်သည့် နစ်နာကြေး ရရှိနိုင်ရေးတို့အတွက် ဗန်ကောက်မြို့၊ မြန်မာသံရုံးနှင့် အလုပ်သမားသံအရာရှိရုံး၊ ထိုင်းအခြေစိုက် ပြည်ပ လုပ်သားနစ်နာမှုကူညီစောင့်ရှောက်ပေးနေသူများနှင့်အတူ ဆက်လက်ကူညီမှုပြုသွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည့်အပြင် ထိခိုက်ခံစားခဲ့ရသူ မြန်မာနိုင်ငံသား ကိုသားသားအတွက် မြန်မာသံရုံးဝန်ထမ်းနှင့် မိသားစု၏ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်ဟု သိရသည်။



