၉.၅.၂၀၂၆
Written By Thandar
The Mask Singers Season 3 ရဲ့ Group A၊ B၊ C ဆီမီးဖိုင်နယ်အဆင့်ကနေ မျက်နှာဖုံးချွတ်ခဲ့တဲ့ ကြေးမုံလူသားမျက်နှာဖုံးပိုင်ရှင် ညီမင်းခိုင်က ဆယ်လီစုံထောက်တွေရော ပရိသတ်တွေပါ မခန့်မှန်းနိုင်လို့ မျက်နှာဖုံးအောက်က ကြိတ်ပြီးရယ်နေရတယ်လို့ ဖွင့်ဟလာပါတယ်။
“ကျွန်တော့်အနေနဲ့ မျက်နှာဖုံးချွတ်လိုက်ရတော့ ပေါ့ပါးသွားတာပေါ့။ အလုပ်တစ်ခုပြီးသွားတယ်လို့ ခံစားရတယ်။ ဒါပေမယ့် ကိုယ့်ကို ဘယ်သူကမှ မဖော်နိုင်တဲ့အတွက် ကျေနပ်ပါတယ်။ နောက်ပြီးတော့ အသံတွေ အကုန်ဖျောက်ဆိုတာဆိုတော့ မှန်းရတာ ခက်တာပေါ့။ တစ်ယောက်နဲ့ တစ်ယောက် မှန်းနေကြတဲ့ အချိန်မှာ ကိုယ့်ဘာသာ ကြိတ်ရယ်နေရတာပေါ့။ မျက်နှာဖုံးထဲမှာတော့ တော်တော်လေးကို ပူတာပေါ့။ နောက် သိပ်ပြီးတော့ က, တတ်တဲ့သူမဟုတ်ဘူး။ သီချင်းတွေက ကရတဲ့ပုံစံလေးဆိုတော့လေ။ ဖိအားကြီးလိုဖြစ်နေတာပေါ့။ ဆယ်လီစုံထောက်တွေ ရိပ်မိမှာလည်းကြောက်တယ်။ စင်ပေါ်မှာ တစ်ခုခုမှားမှာလည်း ကြောက်မိတယ်။ ဒီအစီအစဉ်မှာပါလာရတဲ့အတွက် အများကြီး ကြိုးစားရပါတယ်။ ကျေနပ်ပါတယ်။ ကိုယ့် သီချင်းတွေမှာဆိုရင်တောင် ပုံမှန်က,ပြီး ရိုက်တာ မထည့်ဖူးဘူးလေ။ ခုမှ ပထမဆုံး က,ပြီးဆိုရတာပေါ့။ အသစ်အအဆန်းလို့ဖြစ်သွားတာပေါ့ ”လို့ အဆိုတော် ညီမင်းခိုင်(ကြေးမုံလူသား) က ပြောပါတယ်။
အဆိုပါ ကြေးမုံလူသားကို ဆယ်လီစုံထောက်တွေက မင်းဦး၊ ဟိန်းဝေယံ၊ အလင်းရောင်၊ ဂရေဟမ်လို့ ခန့်မှန်းခဲ့ကြတာလည်းဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်မှာတော့ စတော်ဘယ်ရီနဲ့ ကြေးမုံလူသားတို့ နှစ်ဦးကို ခန့်မှန်းခဲ့ရတာလည်းဖြစ်ပြီး နောက်ဆုံး Grand Final အဆင့်ကို စတော်ဘယ်ရီက တက်လှမ်းခဲ့တာဖြစ်ပါတယ်။
ဆယ်လီစုံထောက်တွေအနေနဲ့ ထွန်းထွန်း၊ ဖြိုးငွေစိုး၊ ခိုင်သင်းကြည်၊ စန္ဒီမြင့်လွင်တို့က လုပ်ဆောင်ခဲ့ပြီး မျက်နှာဖုံးပိုင်ရှင်တွေအနေနဲ့ မြှားနတ်မောင်၊ စတော်ဘယ်ရီ၊ ကြေးမုံလူသား၊ အိုးစည်၊ ချယ်ရီပန်း၊ ပန်ဒါ၊ ကောက်ညှင်းထုပ်၊ ရွှေသမင်တို့က ပါဝင်ယှဉ်ပြိုင်ခဲ့တာလည်းဖြစ်ပြီး ခန့်မှန်းထားတဲ့ မျက်နှာဖုံးပိုင်ရှင် တချို့မှန်ကန်ခဲ့သလို မှားခဲ့တာလည်းရှိခဲ့ပါတယ်။
ညီမင်းခိုင်ကတော့ ကိုယ်တိုင် Music Video တွေမှာတောင် ကပြပြီး ရိုက်ကူးခဲ့တာမရှိဘဲ ကိုယ့်သီချင်းမဟုတ်တဲ့အတွက် သီချင်းတိုင်းမှာ အခက်အခဲတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
#ညီမင်းခိုင် #NyiMinKhine #MyanmarSinger #TheMaskSingerMyanmar #MyanmarSinger #MyanmarCele #ကြေးမုံလူသား




