၉.၅.၂၀၂၆
Written by Linn Eain
နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ပေါ်လျက်ရှိသဖြင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မေ ၉ ရက်၊ နံနက်ပိုင်း မိုးလေဝသသတင်းထုတ်ပြန်မှုအရ သိရသည်။
ထို့ပြင် ရန်ကုန်တွင် မေ ၈ ရက် ညနေပိုင်းနှင့် ညပိုင်းက လေပြင်းတိုက်၊ မိုးရွာသွန်းမှုများကြောင့် မြို့နယ်အချို့တွင် သစ်ပင်လဲကျမှုဖြစ်ပေါ်ခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ထန်းတပင်မြို့နယ်၊ လမုတန်းကြီးကျေးရွာနှင့် လမုတန်းလေးကျေးရွာကြား လှည်းဆိပ်လမ်းတွင် မေ ၉ ရက်၊ နံနက် ၄ နာရီ ၃၃ မိနစ်ခန့်က သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ရာ ထန်းတပင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် အဆိုပါသစ်ပင်ကို ဖယ်ရှားရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
ထို့အတူ ဒလမြို့နယ်၊ ညောင်ကုန်းရပ်ကွက်၊ မြို့ပတ်လမ်းတွင် မေ ၉ ရက်၊ နံနက် ၇ နာရီ ၂၁ မိနစ်ခန့်က သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားနေသဖြင့် ဒလမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက် ယနေ့(မေ ၉ ရက်) ညနေအထိ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း မိုး/ဇလက ခန့်မှန်းချက် ထုတ်ပြန်ထားသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်တွင်လည်း မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း၊ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန် ရာနှုန်း ၈၀ ဖြစ်ကြောင်း ယနေ့ ညနေအထိ ခန့်မှန်းချက် ထုတ်ပြန်ထားသည်။




