၉.၅.၂၀၂၆
Translated by Htwe Ko Tun
ဆော်ဒီအာရေဗျနိုင်ငံအစိုးရက အမေရိကန်ပြည်ထောင်စုရဲ့ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ဖို့ကြိုးပမ်းမှုအတွက် စစ်ဆင်ရေးများစတင်ဆောင်ရွက်ရာမှာ ဆော်ဒီအာရေဗျနိုင်ငံရဲ့ လေပိုင်နက်နဲ့ နိုင်ငံတွင်းရှိ စစ်အခြေစိုက်စခန်းတွေကို အသုံးပြုဖို့ အမေရိကန်ကို တားမြစ်ထားတယ်လို့ ဆော်ဒီသတင်းရင်းမြစ်နှစ်ခုက မေလ ၈ ရက်မှာ AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် အမည်မဖော်လိုတဲ့ အဆိုပါသတင်းရင်းမြစ်တွေက အမေရိကန်ဟာ ဆော်ဒီလေပိုင်နက်နဲ့ အခြေစိုက်စခန်းများကို အခြားသောကိစ္စရပ်တွေ အသုံးပြုမှုအတွက် ဆက်လက်ဝင်ရောက်ခွင့်ရှိမယ်လို့ ပြောကြားခဲ့ပါတယ်။်
ဆော်ဒီအာရေဗျအစိုးရက အီရန်ကို တိုက်ခိုက်ဖို့ သူ့နိုင်ငံရဲ့နယ်မြေနဲ့ လေပိုင်နက်ကို အသုံးပြုခွင့်မပြုဘူးလို့ အကြိမ်ကြိမ်ပြောကြားခဲ့ပါတယ်။
ယခုအပတ်အစောပိုင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်ဟာ အီရန်နဲ့ ပစ်ခတ်မှုတွေ ပြန်လည်ဖြစ်ပွားကာ အပစ်အခတ်ရပ်စဲရေးကို ထိခိုက်စေခဲ့ပြီးတဲ့နောက်မှာတော့ ရေလက်ကြားကို ဖြတ်သန်းမယ့် သင်္ဘောတွေကို လမ်းညွှန်ဆောင်ရွက်မယ်ဆိုတဲ့ “Project Freedom” စစ်ဆင်ရေးကို ကြေညာအပြီး နှစ်ရက်အကြာမှာ ခေတ္တရပ်နားထားမယ်လို့ ပြန်လည်ကြေညာခဲ့တာပါ။
အမေရိကန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဆော်ဒီခေါင်းဆောင် အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်ဟာ ထရမ့်ပ်နဲ့ မေလ ၇ ရက်မှာ တိုက်ရိုက်စကားပြောခဲ့ပြီး အမေရိကန်တပ်ဖွဲ့တွေကို ဆော်ဒီလေပိုင်နက်နဲ့ နိုင်ငံတွင်း အခြေစိုက်စခန်းတွေကို ဟော်မုဇ်စစ်ဆင်ရေးအတွက် အသုံးပြုခွင့် မပေးခဲ့ဘူးလို့ သိရပါတယ်။
ဆော်ဒီအာရေဗျက Project Freedom စစ်ဆင်ရေးအတွက် အမေရိကန် လေယာဉ်ပျံသန်းမှုတွေကို နိုင်ငံရဲ့လေပိုင်နက်အတွင်းခွင့်မပြုခဲ့ဘူးလို့ သတင်းရင်းမြစ်တစ်ခုက AFP ကို ပြောကြားခဲ့ပါတယ်။
“ဆော်ဒီအာရေဗျအနေနဲ့ စစ်ဆင်ရေးက အခြေအနေကို ပိုမိုဆိုးရွားစေပြီး အလုပ်မဖြစ်ဘူးလို့ ခံစားရတဲ့အတွက် စစ်ဆင်ရေးကို ဆန့်ကျင်ခဲ့တယ်” လို့ သတင်းရင်းမြစ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။
Ref- AFP
