၉.၅.၂၀၂၆
Written by KL
မော်တော်ယာဥ်တစ်စီး ဘရိတ်ပေါက်၍ ရထားလမ်းတားသည့် တံခါးကို ဝင်တိုက်ရာမှ အမျိုးသား၂ ဦးသေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရမှု မတ်လ ၈ ရက် ည ၁၀ နာရီ ၁၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ သုံးခွရပ်ကွက်၊ အမှတ်(၇)လမ်းမကြီးတွင် ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူများထံမှ သိရသည်။
လေးထောင့်ကန် ကျေးရွာဘက်မှ လှည်းကူးမြို့နယ်ဘက်သို့ အမှတ် (၇)လမ်းမကြီးအတိုင်း NISSAN AD အမျိုးအစားအဖြူရောင်ယာဥ်မှာ ဘရိတ်ပေါက်၍ ရထားလမ်းတားသည့် တံခါးကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီး အသက် ၃၄ နှစ်အရွယ် ဦးကျော်မင်းထက်နှင့် အသက် ၃၇ နှစ်အရွယ် ဦးကျော်တိုးနိုင်တို့နှစ်ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် အသက် ၃၅ နှစ်အရွယ် ကိုအောင်ရဲထိုက်၊အသက် ၃၀ အရွယ် ကိုကျော်ကျော်မင်းတို့မှာ ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိပြီး အသက်အန္တရာယ်စိုးရိမ်ရပြီးအသက် ၄၆ နှစ်အရွယ် ဦးကျော်ဇေယျနှင့် အသက် ၃၃ နှစ်အရွယ် ဦးကျော်စွာဝင်းတို့မှာ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ကားခေါင်းအတွင်း ညပ်နေကာ သေဆုံးနေသူ ၂ ဦးကို မီးသတ်တပ်ဖွဲ့ဝင် ၁၃ ဦးက ၁၃ မိနစ်ကြာ ကယ်ထုတ်ခဲ့ရပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့များက မြောက်ဥက္ကလာပပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
လူ ၂ ဦးသေဆုံးခဲ့သော ယာဥ်တိုက်မှုကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မီးသတ်စခန်းမှ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ တို့ညီကိုတွဲလက်များ လူမှုကူညီရေးအသင်း၊ ရာပြည့်(အင်အား)လူမှုကူညီရေးအသင်း၊ စိတ္တသုခလူမှုကူညီရေးအသင်း၊ ၁၂ ရပ်ကွက် လူမှုကူညီရေးအသင်းမှ အသင်းဝင်များက ပူးပေါင်းကူညီခဲ့ကြောင်း သိရသည်။



