၁၁.၁၁.၂၀၂၆
Written by NYL
၂၀၂၇ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်ဖြစ်ရာ အဓိကကျသည့် မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဆင့်ဆင့်က ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က နိုဝင်ဘာ ၁၀ ရက်၊ နံနက် ၉ နာရီ က မော်လမြိုင်မြို့ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ကျင်းပသည့် မွန်ပြည်နယ်မြေပြင်ကြီးကြပ်မှု ကွင်းဆင်းစာရင်းကောက်ယူရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တိကျမှန်ကန်သည့် လူဦးရေစာရင်းများရရှိရန် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီနှင့် ကော်မတီအဆင့်ဆင့်ကိုဖွဲ့စည်းကာ မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးအတွက် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး ယခု နိုင်ငံတော်အစိုးရလက်ထက်တွင်လည်း အဆိုပါ ကော်မတီအဆင့်ဆင့်ကို ဇူလိုင်လအတွင်းက ပြန်လည်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က “၂၀၂၇ ခုနှစ် ဧပြီ ၄ ရက်တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ မွန်ပြည်နယ်အနေဖြင့် ကျိုက်မရောမြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း၊ ယင်းသို့ ရွေးကောက်ပွဲကျင်းပရာတွင် အဓိကကျသည့်မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဆင့်ဆင့်က ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ မဲစာရင်းပြုစုနိုင်ရန် လူဦးရေစာရင်းများပြုစုရာတွင် မြို့နယ်ဦးစီးမှူးရုံးများရှိ အိမ်ထောင်စုလူဦးရေစာရင်းကို အခြေခံပြုစုရသည့်အတွက် အိမ်ထောင်စုလူဦးရေ စာရင်းပါအချက်အလက်များ မှန်ကန်ရန်လိုအပ်ကြောင်း” ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လူဦးရေအတိုးအလျှော့၊ ပြောင်းဝင် ပြောင်းထွက်၊ သေဆုံးပယ်ဖျက်စာရင်းများကို သတ်မှတ်ချက်နှင့်အညီ ကာယကံရှင်က ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ ကော်မတီအဆင့်ဆင့်ကလည်း ကာယကံရှင်များအနေဖြင့် သက်ဆိုင်ရာရုံးများသို့ အသိပေးဆောင်ရွက်နိုင်ရေး တိုက်တွန်းနှိုးဆော်ကာ လိုအပ်သလို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကြရန် လိုကြောင်း၊ ဌာနအလိုက်ပါဝင်ဖွဲ့စည်းထားသည့် ကော်မတီဝင်အချင်းချင်းက အချိန်နှင့်အမျှ ပြောင်းလဲနေသည့် လူဦးရေစာရင်းကို အမြဲမပြတ် ညှိနှိုင်းပေါင်းစပ်ကာ မှန်ကန်သည့် လူဦးရေစာရင်း အတည်ပြုပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် မွန်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက ပြည်နယ်အတွင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဆင့်ဆင့်နှင့် မြေပြင် တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုနှင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ အတည်ပြုလူဦးရေစာရင်း ပြုစုပေးပို့ရေးအတွက် ပြည်နယ်အတွင်းရှိ ကော်မတီအဆင့်ဆင့်က ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည့် အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
ထို့ပြင် တာဝန်ရှိသူများက ကော်မတီအဆင့်ဆင့်၏ လုပ်ငန်းတာဝန်များဆောင်ရွက်နေမှု၊ မဲစာရင်းမှန်ကန်ရေးနှင့် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ကျိုက်မရောမြို့ နယ်၏ မဲစာရင်းအခြေအနေ၊ လုပ်ငန်းများအောင်မြင်ရေးအတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
