
၁၉. ၂. ၂၀၂၅
Written by Nyein Kyaw
လက်ရှိအချိန်အထိ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာသူဦးရေ ၆၉၄,၀၀၀ ကျော်ရှိကာ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ကျပ် ၁၃ ဘီလျံကျော် ထောက်ပံ့ပေးခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ယနေ့တွင် ပြန်လည်ဖြေကြားထားသည်။
အကြမ်းဖက်ဘေးအန္တရာယ်များကြောင့် ယာယီနေရပ်စွန့်ခွာသူများကို ထောက်ပံ့ကြေးငွေများ ပေးအပ်နေမှုနှင့် အကြမ်းဖက်လုပ်ရပ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူလူထု စုစုပေါင်းဦးရေ မည်မျှရှိနေသည်ကို မီဒီယာများ၏ မေးမြန်းအမှုအပေါ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် လတ်တလော အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာသူများသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်အထိ စာရင်းများအရ အိမ်ထောင်စု ၁၇၂,၇၇၀ စု၊ လူဦးရေ ၆၉၄,၁၈၉ ဦးအထိရှိကြောင်း ဖြေကြားထားသည်။
နေရပ်စွန့်ခွာသူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ တစ်ဦးလျှင် တစ်လကျပ် ၂၀,၀၀ဝ နှုန်းဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ လစဉ်ထောက်ပံ့မည်ဖြစ်ရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွက် လူဦးရေ ၆၉၄၁၈၉ ဦးကို ကျပ် ၁၃ ဘီလျံ ကျော်သုံးစွဲ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၏ လမ်းညွှန်မှုနှင့်အညီ ဖေဖော်ဝါရီလအတွင်း ထောက်ပံ့ပေးလျက်ရှိကြောင်း ဖြေကြားထားသည်။
အဆိုပါထောက်ပံ့မှုကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လအတွက် ၂ လစာကို ဧပြီလတွင်လည်းကောင်း၊ ဧပြီလမှ ဇွန်လအထိ ၃ လစာကို ဇူလိုင်လတွင် လည်းကောင်း၊ ဇူလိုင်လမှ စက်တင်ဘာလအထိ ၃ လစာကို အောက်တိုဘာလတွင်လည်းကောင်း၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ၃ လစာကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင်လည်းကောင်း စုစုပေါင်း ၅ ကြိမ် ထောက်ပံ့သွားမည်ဖြစ်ကြောင်း ဖြေကြားထားသည်။
