
၁၉. ၂. ၂၀၂၅
Written by Nyein Kyaw
ပုဂ္ဂလိကစက်မှုကုန်ထုတ်လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများတွင် အရေအတွက်များပြားပြီး အရေးပါသည့် စားသောက်ကုန်လုပ်ငန်းများကို သာမန်သဘောမထားဘဲ အလေးထားကြရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် မြန်မာ့စားသောက်ကုန်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် (၂၀၂၅) ဖွင့်ပွဲတွင် ပြောကြားသည်။
စားသောက်ကုန်လုပ်ငန်းအတွက် အဓိကကျပြီး သေချာသည့်ကုန်ကြမ်းသည် နိုင်ငံတွင်းတွင် အလုံအလောက်ထွက်ရှိကြောင်း၊ မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကစက်မှုလုပ်ငန်းများထဲတွင် စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်း အရေအတွက်သည် စုစုပေါင်း ၂၃,၈၈၇ ခု ဖြစ်ပြီး ၄၉ ဒသမ ၆၃ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်သည်ကို တွေ့ရကြောင်း၊ စက်မှုဇုန်များတွင် မှတ်ပုံတင်ထားသည့် ပုဂ္ဂလိက စက်မှုလုပ်ငန်းများတွင် စားသောက်ကုန် ထုတ်လုပ်သည့်လုပ်ငန်းမှာ လုပ်ငန်းပေါင်း ၂,၀၀၄ ခုဖြင့် အများဆုံးဖြစ်သည်ကိုတွေ့ရကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။




ထို့ပြင် ပြည်တွင်းတွင်ရှိသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်းများဖြစ်သည့် (MSME) မှတ်ပုံတင်စာရင်းတွင် ကြည့်မည်ဆိုပါကလည်း MSME စုစုပေါင်း ၄၉,၀၂၅ ခုရှိသည့်အနက် စားသောက်ကုန်လုပ်ငန်းသည် ၉,၉၈၄ ခုဖြင့် အများဆုံးဖြစ်နေသည်ကို တွေ့ရှိရကြောင်း၊ ယခုကဲ့သို့ ပုဂ္ဂလိကစက်မှုကုန်ထုတ်လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများတွင် အရေအတွက်များပြားပြီး အရေးပါသည့် စားသောက်ကုန်လုပ်ငန်းများကို သာမန်သဘောမထားဘဲ အလေးထားကြရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များအနေဖြင့် စားသောက်ကုန်ထုတ်လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် ပိုမိုကောင်းမွန်သည့် စီးပွားရေးဝန်းကျင်တစ်ရပ် ဖြစ်ထွန်းလာစေရေး၊ စားသောက်ကုန်ထုတ် လုပ်ငန်း ကွင်းဆက်တစ်လျှောက် အရည်အသွေးပြည့်မီပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသောက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ပြည်တွင်းစားသုံးမှုဖူလုံစေပြီး သွင်းကုန်အစားထိုး ထုတ်လုပ်ကာ ပြည်ပဈေးကွက်သို့ ထိုးဖောက်တင်ပို့နိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ပြင် စားသောက်ကုန်လုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံဖြိုးရန်အတွက် အစီအမံသစ်များ ဖော်ဆောင်ပေးနိုင်ရေးနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းနှင့် ပတ်သက်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ညွှန်ကြားချက်များတွင် ရှင်းလင်းလွယ်ကူစေရေးနှင့် နည်းစနစ်များ၊ စံချိန်စံညွှန်းများနှင့် သတင်းအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနိုင်ရေးဆိုသည့် ရည်ရွယ်ချက်များဖြင့်လည်း ပြုလုပ်ခြင်းဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။