◾️ ဟိုတယ်လုပ်ငန်းရှင်အား မိကျောင်းစားလိုက်သည်ဟု ရဲတပ်ဖွဲ့က သံသယရှိပြီးနောက် မိကျောင်းကို ပစ်သတ်ကာ မြစ်အတွင်းမှ ရဟတ်ယာဉ်ဖြင့် သယ်ယူခဲ့
သက်တံ့
၅.၅.၂၀၂၆
ပျောက်ဆုံးနေသည့် တောင်အာဖရိကနိုင်ငံမှ ဟိုတယ်ပိုင်ရှင်တစ်ဦးကို မိကျောင်းစားလိုက်သည်ဟု ယူဆပြီးနောက် ခန္ဓာကိုယ်ဖောင်းကားနေသည့် ၁၅ ပေအရွယ် မိကျောင်းကြီးတစ်ကောင်ကို ရဲတပ်ဖွဲ့က ပစ်သတ်အပြီး သယ်ယူစစ်ဆေးရာ မိကျောင်းဗိုက်ထဲမှ ပျောက်ဆုံးနေသည့် ဟိုတယ်လုပ်ငန်းရှင်၏ ရုပ်အလောင်းအကြွင်းအကျန်များ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
ရဲတပ်ဖွဲ့၏ ရဲရင့်သော စစ်ဆင်ရေးတစ်ခုအတွင်း မိကျောင်းများ ကျက်စားရာ ကိုမာတီမြစ် (Komati River) ထဲမှ အဆိုပါမိကျောင်းကို ရဟတ်ယာဉ်ပေါ်မှ ပစ်သတ်ခဲ့ပြီးနောက် ရုပ်အလောင်းစစ်ဆေးမှု (Post-mortem) ပြုလုပ်ရန်အတွက် သေဆုံးမိကျောင်းကို လေကြောင်းမှတစ်ဆင့် သယ်ဆောင်ခဲ့သည်။
အလေးချိန် ၅၀၀ ကီလိုဂရမ်ရှိသည့် သားရဲတိရစ္ဆာန်ကြီး၏ ဗိုက်ထဲတွင် လက်စွပ်တစ်ကွင်းကို တွေ့ရှိခဲ့ပြီး ၎င်းမှာ အသက် ၅၉ နှစ်အရွယ် Gabriel Batista ၏ လက်စွပ်ဖြစ်သည်ဟု သိရသည်။

အဆိုပါ စီးပွားရေးလုပ်ငန်းရှင်သည် လွန်ခဲ့သည့် တစ်ပတ်က နိုင်ငံ၏ အရှေ့မြောက်ဘက်ရှိ ကိုမာတီမြစ်ကို ကားဖြင့်ဖြတ်ကူးရန် ကြိုးပမ်းစဉ် ရေစီးနှင့်အတူ မျောပါသွားခဲ့ခြင်း ဖြစ်သည်။
စုံစမ်းစစ်ဆေးသူများသည် မိကျောင်းဗိုက်ထဲတွင် တွေ့ရှိရသည့် အရိုးနှင့် အသားစများကို DNA စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။
Batista ၏ လေးဘီးယက် (4WD) မော်တော်ယာဉ်မှာ ပြီးခဲ့သည့် ဧပြီ ၂၇ ရက်က တောင်အာဖရိကနိုင်ငံအရှေ့မြောက်ပိုင်း ကိုမာတီပို့မြို့အနီးရှိ ကိုမာတီမြစ်ကို ဖြတ်ကူးရန် ကြိုးပမ်းစဉ် သောင်တင်သွားခဲ့ခြင်းဖြစ်သည်။ ယင်းကို ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် မြစ်ရေစီးကြောင်းက တိုက်စားခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု ယူဆရသည်။
မိကျောင်းများ၏ တိုက်ခိုက်ခြင်းကို မခံရမီကပင် Batista မှာ ရေနစ်သေဆုံးနေပြီလား သို့မဟုတ် အရှင်လတ်လတ် အစားခံလိုက်ရသလား ဆိုသည်ကိုမူ မသိရသေးပေ။

၎င်းပျောက်ဆုံးသွားပြီးနောက် ရဲတပ်ဖွဲ့သည် ဒရုန်းများနှင့် ရဟတ်ယာဉ်များ အသုံးပြုကာ မြစ်တစ်လျှောက် လေးရက်တိုင်တိုင် ရှာဖွေခဲ့ရာ ကျွန်းငယ်လေးတစ်ခုပေါ်တွင် နေပူစာလှုံနေသည့် ဗိုက်ဖောင်းဖောင်းနှင့် မိကျောင်းတစ်ကောင်ကို သတိပြုမိခဲ့ကြသည်။
ရဲတပ်ဖွဲ့ ရေငုပ်တပ်ဖွဲ့မှူး ဗိုလ်ကြီး Johan “Pottie” Potgieter က News24 သို့ ပြောကြားရာတွင် “သူ့ဗိုက်က အလွန်အမင်း ပြည့်နေတဲ့အပြင် ဒရုန်းတွေနဲ့ ရဟတ်ယာဉ်တွေရဲ့ ဆူညံသံတွေကြားမှာတောင် မြစ်ထဲကို ဆင်းဖို့မကြိုးစားဘဲ မလှုပ်မယှက် ရှိနေတာပါ” ဟု ဆိုသည်။
အဆိုပါ မိကျောင်းကို ရဟတ်ယာဉ်ပေါ်မှ လက်ဖြောင့်သေနတ်သမားက မေ ၂ ရက်တွင် ပစ်သတ်ခဲ့ပြီး မြစ်အတွင်းမှ အနီးနားရှိ ခရူဂါ အမျိုးသားဥယျာဉ် (Kruger National Park) သို့ လေကြောင်းဖြင့် သယ်ဆောင်သွားခဲ့သည်။
ကွင်းဆင်းခွဲစိတ် စစ်ဆေးမှု (Field necropsy) ပြုလုပ်ခဲ့ရာ မိကျောင်း၏ အစာအိမ်ထဲတွင် ပြတ်တောက်နေသည့် လက်နှစ်ဖက်၊ နံရိုးအချို့နှင့် အသားစများကို တွေ့ရှိခဲ့သည်။
ဗိုလ်ကြီး Potgieter က “အသေးစိတ် အများကြီး မပြောချင်ပေမဲ့ ပျောက်ဆုံးနေသူကို ဒီမိကျောင်း စားလိုက်တယ်လို့ ယုံကြည်ရလောက်တဲ့ အထောက်အထားတွေ အစာအိမ်ထဲမှာ အလုံအလောက် ရှိနေပါတယ်။ ဒါပေမဲ့ အတည်ပြုနိုင်ဖို့အတွက် DNA ရလဒ် ထွက်လာတဲ့အထိ စောင့်ရမှာပါ” ဟု ပြောကြားသည်။
ခန္ဓာကိုယ် အစိတ်အပိုင်းများအပြင် ဖိနပ်အမျိုးအစား ခြောက်မျိုးကိုလည်း တွေ့ရှိခဲ့ကြောင်း ဗိုလ်ကြီး Potgieter က ဆိုသည်။
၎င်းက ဆက်လက်ပြောကြားရာတွင် ဤအချက်သည် အခြားလူများကိုလည်း သတ်ဖြတ်စားသောက်ခဲ့သည်ဟု ညွှန်ပြနေနိုင်သော်လည်း “မိကျောင်းဆိုတာ ဘာမဆို စားတတ်၊ မျိုတတ်တဲ့ သဘောရှိတယ်” ဟု မှတ်ချက်ပြုခဲ့သည်။
Batista သည် ၎င်းပျောက်ဆုံးသွားသည့် တံတားမှ ကားဖြင့် ခဏချင်းသွားရုံနှင့် ရောက်နိုင်သော Border Country Inn နှင့် အားကစားဘား (Sports bar) တို့ကို ပိုင်ဆိုင်သူဖြစ်သည်။

ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “Gabriel က အရမ်းသဘောကောင်းပြီး မိသားစုကို ချစ်တဲ့သူပါ။ ဒီနေရာမှာ အချိန်အများကြီးပေးပြီး အလုပ်လုပ်သလို ဝယ်သူတွေကလည်း သူ့ကို ချစ်ကြပါတယ်။ သူက ဂျိုဟန်နက်စ်ဘာ့ဂ်မှာ နေတာပေမဲ့ ဒီဧည့်ရိပ်သာနဲ့ ဘားကို ပိုင်တာကြောင့် မကြာခဏ လာတတ်ပါတယ်။ တနင်္လာနေ့က အလုပ်သွားဖို့ လာရင်းနဲ့ ရေစီးထဲ မျောပါသွားခဲ့တာပါ” ဟု ဆိုခဲ့သလို “DNA ရလဒ်တွေ ထွက်မလာမချင်း မိသားစုက ဘာမှ မပြောချင်သေးပါဘူး။ ဒါဟာ တကယ်ကို ဆိုးရွားတဲ့ အခြေအနေဖြစ်ပြီး သူ့ဇနီးကတော့ ရဲရေငုပ်အဖွဲ့နဲ့အတူ နေ့တိုင်း ဒီမှာရှိနေပါတယ်။ ဒါဟာ အိမ်မက်ဆိုးတစ်ခုလိုပါပဲ၊ လောလောဆယ်မှာတော့ မိသားစုဘက်က မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။”ဟုလည်း ဆက်လက်ပြောကြားခဲ့သည်။
နိုင်းမြစ်မိကျောင်း (Nile crocodile) အမျိုးအစားသည် အာဖရိကတွင် အကြီးဆုံးမျိုးစိတ်ဖြစ်ပြီး ၎င်းတို့ထဲမှ အချို့မှာ ဩစတေးလျနှင့် အရှေ့တောင်အာရှတွင် နေထိုင်သည့် ရေငန်မိကျောင်းများနှင့် အရွယ်အစားချင်း ယှဉ်နိုင်သည်။
ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံး တွားသွားသတ္တဝါများထဲမှ တစ်ခုဖြစ်သည့် နိုင်းမြစ်မိကျောင်းများသည် အရှည် ပေ ၂၀ အထိ ကြီးထွားနိုင်ပြီး အလေးချိန် ၆၈၀ ကီလိုဂရမ်ကျော်အထိ ရှိနိုင်သည်။
ဤမျိုးစိတ်ကြောင့် တစ်နှစ်လျှင် လူပေါင်း ရာနှင့်ချီ၍ သေဆုံးကြောင်း အတည်ပြုနိုင်သော်လည်း တိုက်ခိုက်မှု အများအပြားမှာ ဝေးလံခေါင်သီသော ဒေသများတွင် ဖြစ်ပွားပြီး အာဏာပိုင်များထံ သတင်းမရောက်ရှိသောကြောင့် အမှန်တကယ် သေဆုံးသူအရေအတွက်မှာ ယခုထက် ပိုမိုများပြားနိုင်သည်။
Ref : The Telegraph
