




၁၉.၂.၂၀၂၅
Written By Zun
ကျပ်သိန်းထောင်ချီတန် ရတနာပုံခေတ်လက်ရာ ရှေးဟောင်းလျောင်းတော်မူကျောက်သား ဆင်းတုတော်တစ်ဆူ ခိုးယူခံရကာ ပျောက်ဆုံးနေမှုကို ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက် နံနက်က သိရှိခဲ့ကြောင်း သိရသည်။
ယင်းမှာ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၂ လမ်း၊ ၃၆ လမ်းနှင့် ၃၇ လမ်းကြားက ရှေးဟောင်းသမိုင်းဝင် ရွှေအိုးရစေတီတော်အတွင်း ထားရှိ ကိုးကွယ်နေကြသော ကျောက်သား ဆင်းတုတော် ဖြစ်ကြောင်းလည်း သိရသည်။
၎င်း ရှေးဟောင်းသမိုင်းဝင်စေတီတော်အတွင်း စကျင် ကျောက်မဟုတ်သော ကျောက်သားတစ်မျိုးနှင့် ထုဆစ် ပူဇော်ထားသည့် ရှေးဟောင်း ဆင်းတုတော် သုံးဆူရှိသည့်အထဲမှ ယင်းလျောင်းတော်မူ ဆင်းတုတော် အား ခိုးယူသွားခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရှေးဟောင်းလျောင်းတော်မူကျောက်သား ဆင်းတုတော်ကိုပင် ၂၀၀၇ ခုနှစ်က ခိုးယူခံရခဲ့သည့် ဖြစ်စဉ် ရှိခဲ့ပြီး မြဝတီမြို့အတွင်း ဖမ်းမိခဲ့သော ဘုရားခိုးဂိုဏ်းတစ်ခုထံမှ ပြန်ရခဲ့သည့်အတွက် မူလနေရာဖြစ်သည့် မန္တလေးမြို့ရှိ သမိုင်းဝင်ရွှေအိုးရစေတီတော်ပရိဝုဏ်အတွင်း ပြန်လည်ပင့်ဆောင် ပူဇော်ခံထားရာမှ ထပ်မံ အခိုးခံရခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“အဲဒီ လျောင်းတော်မူပဲ ထပ်ပြီးတော့ အခိုးခံရတာ။ အခိုးခံရတဲ့ ၂၀၀၇ ခုနှစ်က ရှေးဟောင်းဘုရားမှောင်ခို ဈေးကွက်မှာ သိန်းသုံးရာလောက်တန်ကြေးရှိတယ်။အခုခေတ်ဆိုရင် ကာလပေါက်ဈေး သိန်းထောင်နဲ့ချီတန်တယ်။ ခိုးခံရတာကို ဒီနေ့မနက်ကမှ ရွှေအိုးရစေတီဂေါပကအဖွဲ့ ရောက်လာတော့ ရှေးဟောင်းလျောင်း တော်မူ ကျောက်သားဆင်းတုတော်တစ်ဆူ ပျောက်နေတာကို တွေ့ရတာ။ဒါပေမဲ့ အထောက်အထားတွေအရ မနေ့က ညကတည်းက အခိုးခံရတာလို့ သိရတယ်” ဟု ဂေါပကအဖွဲ့နှင့်နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။
ဆင်းတုတော်အား ထားရှိသည့်နေရာတွင် အကာအရံများပြုလုပ် သော့ခတ်ထားသော်လည်း သော့များကို ဖျက်ဆီး၍ ခိုးယူသွားခြင်းဖြစ်ကြောင်းနှင့် ခိုးယူသူများမှာ ဘုရားဆင်းတုတော်အကြောင်းကို သိရှိသူ ဖြစ်နိုင်ကြောင်းလည်း သုံးသပ်နေကြသည်။
အဆိုပါ ရှေးဟောင်းလျောင်းတော်မူကျောက်သား ဆင်းတုတော် အခိုးခံရသည့်အတွက် လက်ရှိတွင် အမှတ် (၉) နယ်မြေရဲစခန်း၌ ကနဦး သတင်းပေးတိုင်ချက်ဖွင့်ထားကြောင်း သိရသည်။
