




MT News
၁၉.၂. ၂၀၂၅
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကို ထိထိ ရောက်ရောက် နှိမ်နင်းဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများသို့ တရားမဝင်လမ်းကြောင်းများမှ တစ်ဆင့်ဝင်ရောက်ခဲ့ကြသည့် ပြည်ပ နိုင်ငံသား ၂၅၀ ဦးကို ထပ်မံစစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့သည်။
အဆိုပါ ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည် လွှဲပြောင်းပေးအပ်နိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် နေ့ချင်းပြီး ဆောင်ရွက်လျက်ရှိသလို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၁၉ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၅၅၃ ဦးကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ကာ အမြန်ဆုံးပြည်နှင်လွှဲပြောင်းနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူများအား ခြိမ်းခြောက်ထိခိုက်မှုများ ရှိလာသည့် နယ်စပ်ဒေသများမှ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုအပါအဝင် အွန်လိုင်းဒုစရိုက်မှုမျိုးစုံကို အမျိုးသားရေးအသွင်ဖြင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်သူ များနှင့် ပူးပေါင်းလက်တွဲကာ ထိထိရောက်ရောက် ပြတ်ပြတ်သားသား တိုက်ဖျက်နှိမ်နင်းပြီး ဥပဒေနှင့်အညီ စနစ်တကျ ထိန်းသိမ်းလွှဲပြောင်း ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းငွေကြေး လိမ်လည်မှု အပါအဝင် အခြားဒုစရိုက်မှုလုပ်ငန်းများမရှိစေရေး ဖော်ထုတ်ခြင်း၊ အရေးယူ ခြင်းတို့ကို ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ထို့အတူ မြန်မာ-ထိုင်း-တရုတ် သုံးနိုင်ငံမှ ကိုယ်စားလှယ်များသည် ယနေ့နံနက်ပိုင်း ထိုင်းနိုင်ငံ မဲဆောက်မြို့၌ တွေ့ဆုံပြီး အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်း များတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများ အမြန်ဆုံးလွှဲပြောင်းလက်ခံနိုင်ရေး ဆွေးနွေးညှိနှိုင်းကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၁) ရဲဗိုလ်ချုပ် တင်ကိုကို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ် ဒုတိယ ပြည်နယ်အုပ်ချုပ်ရေးမှူး Mr.Narongchai Jindaphan ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ပြစ်မှုဆိုင်ရာစုံစမ်း စစ်ဆေးရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် မြန်မာ- ထိုင်း- တရုတ် သုံးနိုင်ငံပူးပေါင်း၍ (Online Scam) နှင့် (Online Gambling) တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်ရေး၊ မူရင်းနိုင်ငံ၊ ဖြတ် သန်းနိုင်ငံနှင့် ဆိုက်ရောက်နိုင်ငံတို့အကြား လွှဲပြောင်းလက်ခံရေးလုပ်ငန်းစဉ်များကို စနစ် တကျ ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ ၊ အဆိုပါနိုင်ငံများအကြား Task Force ဖွဲ့စည်းပြီး Action Plan ရေးဆွဲ၍ ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများ၊ တတိယနိုင်ငံသား များအား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးလွှဲပြောင်းနိုင်ရေး ညှိနှိုင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။