◾ အွန်လိုင်းလိမ်လည်မှု ကျားဖြန့် စခန်းများမှ ရသော ဥပဒေနှင့်မညီငွေကြေးများက မြန်မာနိုင်ငံပဋိပက္ခကို ပိုဆိုးစေခဲ့ဟု ထိုင်းဝန်ကြီးချုပ်ဟောင်း ပြော

၁၈.၂.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာက မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက် လည်ပတ်နေခဲ့တဲ့ အွန်လိုင်းလိမ်လည်မှု ကျားဖြန့် စခန်းတွေကနေ ဥပဒေမညီတဲ့ဝင်ငွေတွေက မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ ပြည်တွင်းပဋိပက္ခကို မီးလောင်ရာလေပင့် ပိုလို့ ဆိုးဝါးစေခဲ့တယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ကျားဖြန့် စခန်းတွေက ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့ထဲမှာလည်း ရှိနေကြတယ်လို့ သက်ဆင်က ဆိုပါတယ်။
မလေးရှားနိုင်ငံ သတင်းအေဂျင်စီ Bernama ရဲ့ ဥက္ကဋ္ဌ Datuk Seri Wong Chon Wai က သက်ဆင်ကိုဘန်ကောက်မြို့မှာ တွေ့ဆုံ မေးမြန်းခိုက် သက်ဆင် က ပြောခဲ့တာဖြစ်ပြီး သူက ကျားဖြန့်လုပ်ငန်းကွန်ရက်ကြီးကို ဥပဒေနဲ့မညီတဲ့ ငွေကြေးတွေဖန်တီးရာ အရင်းအမြစ်ကြီးအဖြစ်လည်း ပြောခဲ့ပါတယ်။
သူက မြန်မာအစိုးရနဲ့ လက်နက်ကိုင်အုပ်စုတွေအကြား တိုက်ပွဲတွေဖြစ်ပွားနေခဲ့ရတာအတွက်လည်း ဒီဥပဒေနဲ့မညီငွေကြေးတွေကနေ ထောက်ပံ့မှုပြုနေတာပဲလို့ ဆိုခဲ့ပါသေးတယ်။ သူက မြန်မာပဋိပက္ခကို အဆုံးသတ်စေဖို့ လိုအပ်မှုကို အလေးထားနေကြပေမယ့် ဒီပြည်တွင်းပဋိပက္ခရဲ့ ရှုပ်ထွေးမှုတွေကို မီးမောင်းထိုး ပြောကြားခဲ့ပါတယ်။
အသက် ၇၅ နှစ်ရှိ ဝန်ကြီးချုပ်ဟောင်းသက်ဆင်က အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုကျူးလွန်နေတဲ့ဂိုဏ်းတွေကို စိုးရိမ်နေကြတယ်လို့လည်း ပြောခဲ့ပါတယ်။
ကမ္ဘာအနှံ့က ဓားစာခံသားကောင်တွေကို ပစ်မှတ်ထားနေကြတဲ့ အွန်လိုင်းလိမ်လည်မှု ကျားဖြန့်စခန်းတွေကို နှိမ်နင်းဖို့ ထိုင်းနိုင်ငံက မြန်မာနိုင်ငံအတွင်း နယ်စပ်မြို့တွေကို ဖေဖော်ဝါရီလ ၅ ရက်ကစလို့ လျှပ်စစ်မီး၊ အင်တာနက်နဲ့ လောင်စာဆီတို့ထောက်ပံ့မှုကို ရပ်ဆိုင်းခဲ့တယ်။ ဒီလို ဖြတ်တောက်မှုတွေကြောင့် အဲဒီ ဒေသတွေက ဒေသခံတွေမှာတော့ သက်ရောက်မှုတွေရှိနိုင်တာပေါ့။ ဒါပေမယ့် ထိုင်းနိုင်ငံအနေနဲလည်း ကျားဖြန့်ဂိုဏ်းတွေကို ဒီနယ်မြေတွေအတွင်းက ထွက်ခွာစေချင်တာမို့ ခုလိုလုပ်ရတာပါလို့လည်း သက်ဆင်က ပြောခဲ့ပါတယ်။
လျှပ်စစ်မီးဖြတ်တောက်ပြီးနောက် မြန်မာနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့အတွင်းကနေ တရုတ်စီးပွားရေးလုပ်ငန်းတွေ ပြန်လည် ထွက်ခွာနေတာကို ဖေဖော်ဝါရီလ ၁၃ ရက်မှာတော့ Bangkok Post သတင်းစာက သတင်းဖော်ပြခဲ့ပါတယ်။
ကျားဖြန့်လုပ်ငန်းများတည်ရှိရာ မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသကို စိုးမိုးအုပ်ချုပ်ထားတဲ့ ဗုဒ္ဓဘာသာ ဒီမိုကရက်တစ် ကရင်တပ်မတော်(DKBA) ကလည်း ဥပဒေနဲ့မညီတဲ့ စီးပွားရေးလုပ်ငန်းတွေအားလုံး ဖေဖော်ဝါရီလ ၂၈ ရက်နောက်ဆုံးထားလို့ သူ့ရဲ့ထိန်းချုပ်နယ်မြေက ထွက်ခွာကြဖို့ အမိန့်ပေးထားပါတယ်။ ထိုင်းနိုင်ငံမှ အထောက်အပံ့တွေဖြတ်တောက်မှုက ဘုရားသုံးဆူမြို့နယ်အတွင်း ဒေသခံ ၅၀,၀၀၀ လောက်ကို သက်ရောက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
လုပ်ငန်းတွေ၊ လောင်းကစားလိမ်လည်မှုလုပ်ငန်းတွေနဲ့ ဥပဒေနဲ့ မညီဆောင်ရွက်မှုတွေအားလုံး ဒေသအတွင်းမှာ အဆုံးသတ်စေဖို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ တခြားအိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ပြောခဲ့ပါတယ်။
ပေတုံတန် ရဲ့ မကြာသေးမီက တရုတ်နိုင်ငံခရီးစဉ်မှာ တရုတ်သမ္မတ ရှီကျင့်ဖိန်ကို သွားရောက်တွေ့ဆုံခဲ့ပါသေးတယ်။ ဒီမှာ ရှီက ထိုင်းအစိုးရအနေနဲ့ မကြာသေးမီက ထိုင်း-မြန်မာ နယ်စပ်က ဒုစရိုက်လုပ်ငန်းတွေလုပ်နေတဲ့ အချက်အချာ နေရာသုံးခုကို လျှပ်စစ်ဓာတ်အားဖြတ်တောက်ခဲ့တာအပါအဝင် ဒုစရိုက်ဂိုဏ်းတွေကိုနှိမ်နင်းဖို့ပြင်းပြင်းထန်ထန်ဆောင်ရွက်မှုတွေအတွက် ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁၁ ရက်က ကျင်းပခဲ့တဲ့ အပတ်စဉ် ထိုင်းအစိုးရအဖွဲ့ အစည်းအဝေးမှာလည်း ဝန်ကြီးချုပ် ပေတုံတန်က နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ လူမှုရေးရာ ဝန်ကြီးဌာနတို့နဲ့အတူ လုံခြုံရေးအဖွဲ့အစည်းတွေကိုပါ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့အွန်လိုင်းလိမ် လည်မှု ကျားဖြန့် လုပ်ငန်းတွေကို နှိမ်နင်းရာမှာ တက်တက်ကြွကြွအားထုတ်ပါဝင်ဆောင်ရွက်ကြဖို့ ညွှန်ကြားခဲ့ပါတယ်။
ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ ဂျီရာယူ ဟွန်ဆပ်ကလည်း သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနဲ့ အာဏာပိုင်တွေကို ဆက်သွယ်လိမ်လည်မှုတွေပြုနေတဲ့ ကျားဖြန့်လုပ်ငန်းတွေကို ချေမှုန်းရာမှာ တရုတ်အာဏာပိုင်တွေနဲ့ အဆက်အသွယ်ရှိဖို့လည်း ညွှန်ကြားထားတယ်လို့ ပြောခဲ့ပါတယ်။
ဒုတိယဝန်ကြီးချုပ်နဲ့ကာကွယ်ရေးဝန်ကြီးဖမ်သန် ဝီချာရာချိုင်းက ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ အဆင့်မြင့်အစိုးရအရာရှိအားလုံးကို အရေးယူပြောင်းရွှေ့မယ့် ဥပဒေတစ်ရပ် ပြဌာန်းဖို့ ထိုင်းနိုင်ငံအစိုးရအဖွဲ့ကို တင်ပြခဲ့ပါတယ်။
Ref-Bernama
