
၁၈. ၂. ၂၀၂၅
Written by Hey Mar
ကြမ်းတမ်းစွာ ကျော်တက်မောင်းနှင်တဲ့ ယာဉ်မောင်းကိုအဆိုပါယာဉ်ပေါ်ပါ ခရီးသည်အမျိုးသားတစ်ဦးက ဟန့်တားရာမှ အခြေတင်စကားများကြပြီး ယာဉ်ပေါ်ပါ ခရီးသည်တချို့ကပါ ဝိုင်းဝန်းပြောဆိုတာကို ပြန်လည် စိန်ခေါ်တုံ့ပြန်တဲ့ ယာဉ်မောင်းကို ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)က ဒီကနေ့မှာပင် ချက်ချင်းထုတ်ပယ်အရေးယူပေးခဲ့ကြောင်း YRTCရဲ့ လူမှုကွန်ရက်ကနေတစ်ဆင့် အသိပေးထားသလို တာဝန်ရှိသူတစ်ဦးမှလည်း ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားပါတယ်။
ဖြစ်စဉ်က မနေ့က ဖေဖော်ဝါရီ ၁၇ ရက်နေ့ နေ့လယ် ၂ နာရီခန့်က YBS ယာဉ်လိုင်းနံပါတ် 110 ၊ ယာဉ်နံပါတ် 5 N -4637 ယာဥ်မောင်းက ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းအတိုင်း မဆင်မခြင်မောင်းနှင်မှုကြောင့် ခရီးသည်နဲ့ ယာဥ်မောင်းကြား အချေတင်စကားများကြရာ အခြား ခရီးသည်တစ်ဦးက တယ်လီဖုန်းနဲ့ မှတ်တမ်းရယူပြီး လူမှုကွန်ရက်က YBS လမ်းညွှန်ဂရုပေါ် တင်ခဲ့ပြီး အရက်မူးပြီး ကြမ်းတမ်းစွာမောင်းနှင်ကြောင်း၊ ခရီးသည်တွေ ဆက်မလိုက်ရဲလို့ ဆင်းနေခဲ့ရကြောင်း ထပ်ဆင့်ပျံ့လွင့်ခဲ့ရာမှာ YRTC ဘက်က အရေးယူမှု အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်ခဲ့တာပါ။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)တာဝန်ရှိသူတစ်ဦးက ” ကျွန်တော်တို့ဆီက ထုတ်ပယ်အရေးယူတယ် ဆိုတာက YBS ယာဉ်လိုင်းတွေကနေ မောင်းနှင်ခွင့် ရာသက်ပန် ပိတ်သိမ်းတာပါ။ YRTC လက်အောက်က ဘယ် YBS ယာဉ်လိုင်းကိုမှ ဒီယာဉ်မောင်းက ပြန်လည်မောင်းနှင်ခွင့်မရှိပါဘူး ” လို့ MT News ကို ပြောပါတယ်။
YBS ယာဉ်မောင်းတွေရဲ့ အများဆုံးစည်းကမ်းဖောက်ဖျက်မှုတွေနဲ့မှတ်သားဖမ်ဆီးရမိအမှုတွေက ယှဉ်ပြိုင်ကျော်တက်မောင်းနှင်မှုနဲ့ ဘေးတံခါးဖွင့်မောင်းနှင်မှု၊ မီးပွိုင့်မှာ လူတင်လူချပြုလုပ်တာနဲ့ မှတ်တိုင်စနစ်တကျမရပ်တာတွေမှာ အရေးယူရမှု အများဆုံးဖြစ်ကြောင်းနဲ့ YBS မောင်းနှင်ခွင့်စမတ်ကတ်ပိတ်သိမ်းတဲ့အထိ အရေးယူခံရတဲ့ယာဉ်မောင်း ၂၀၂၄ ခုနှစ်အတွင်း ၁၁၀ ဦးအထိ ရှိကြောင်း YRTC ရဲ့ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့မှာပြုလုပ်တဲ့ အစည်းအဝေးကနေ သိရပါတယ်။