
၅.၁၁.၂၀၂၆.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၏ အမျိုးသား လေကြောင်းနှင့် အာကာသစီမံခန့်ခွဲရေး အေဂျင်စီ (NASA) ၏ Swift အာကာသ တယ်လီစကုပ် စူးစမ်းလေ့လာရေးယာဉ်သည် အာကာသအတွင်း နှစ်ပေါင်း ၂၀ ကျော်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် နိုဝင်ဘာလ ၄ ရက်က ကမ္ဘာမြေသို့ ပြန်လည်ကျရောက်လာခဲ့ကြောင်း သိရသည်။
လွန်ခဲ့သော နှစ် ၂၀ က လွှတ်တင်ခဲ့သည့် Swift အာကာသ တယ်လီစကုပ်ယာဉ်ကို ကယ်ဆယ်ရေး မစ်ရှင်တစ်ခုဖြင့် ပြန်လည်ကယ်ဆယ်ရန်ကြိုးပမ်းမှု မအောင်မြင်ခဲ့ရပြီးနောက် ၎င်းက ကမ္ဘာမြေသို့ ပြန်လည်ကျရောက်ကာ မီးတောက်များကြားတွင် ပျက်စီးဆုံးရှုံးခဲ့ရခြင်းဟုလည်း သိရသည်။

NASA ၏ ပြောကြားချက်အရ၊ လူလိုက်ပါခြင်းမရှိသော Neil Gehrels Swift စူးစမ်းလေ့လာရေး ယာဉ်သည် နိုဝင်ဘာလ ၄ ရက် အရှေ့ပိုင်းစံတော်ချိန် (EST) နံနက် ၇:၃၉ နာရီ (UTC အချိန် မွန်းလွဲ ၁၂:၃၉ နာရီ) တွင် အင်ဒိုနီးရှားနိုင်ငံ၊ မြောက်ဆူမားတြား ဒေသအထက်မှတစ်ဆင့် ကမ္ဘာ့လေထုထဲသို့ ပြန်လည် ဝင်ရောက်လာခဲ့ခြင်းဟုဆိုသည်။
အာကာသယာဉ်၏ အစိတ်အပိုင်းအများစုသည် လေထုကို ဖြတ်သန်းစဉ် မီးလောင်ကျွမ်းသွားလိမ့် မည်ဟု NASA က ခန့်မှန်းထားသော်လည်း အချို့သော အစိတ်အပိုင်းများမှာမူ မီးလောင်ကျွမ်းခြင်းမှ လွတ်မြောက်ကျန်ရစ်ခဲ့နိုင်ကြောင်း ပြောခဲ့သည်။
တယ်လီစကုပ် သုံးခု တပ်ဆင်ထားသည့် NASA ၏ အဖိုးတန် Swift အာကာသ တယ်လီစကုပ် စူးစမ်းလေ့လာရေးယာဉ်ကို ၂၀၀၄ ခုနှစ်တွင် အာကာသပတ်လမ်းကြောင်းသို့ လွှတ်တင်ခဲ့သည်။
ဤစူးစမ်းလေ့လာရေး ယာဉ်သည် စကြဝဠာအတွင်း အကြီးမားဆုံး စွမ်းအင်ပေါက်ကွဲမှုများဖြစ်သည့် ဂမ်မာရောင်ခြည် ပေါက်ကွဲမှုများကို နှစ်နစ်တာကာလ လေ့လာရန်အတွက် ရည်ရွယ်ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ၎င်း၏ တာဝန်ထမ်းဆောင်ချိန်မှာ ရည်ရွယ်ထားသည်ထက် ၁၁ ဆ ပိုမိုကြာမြင့်ခဲ့ပြီး ၂၂ နှစ် ပြည့်ရန် ရက်အနည်းငယ်သာ လိုတော့သည့်အချိန်အထိ ကြာရှည်ခဲ့သည်။
ဒေါ်လာ သန်း ၅၀၀ (ယူရို ၄၄၄ သန်း) တန်ဖိုးရှိ Swift ဂြိုဟ်တုသည် အလေးချိန် ၁,၄၅၂ ကီလိုဂရမ် (ပေါင် ၃,၂၀၀) ခန့် ရှိသည်။
၎င်းက အာကာသအတွင်း စူပါနိုဗာ ပေါက်ကွဲမှု ရာပေါင်းများစွာ၊ ကြယ်များကို အပိုင်းပိုင်းဖြိုခွဲပစ်နိုင်သည့် တွင်းနက်များ ၊ ကြယ်များမှ ထုတ်လွှတ်သော X-ray ရောင်ခြည် တောက်ပမှုများ၊ ဂြိုဟ်သိမ် ဂြိုဟ်မွှားများနှင့် ကြယ်တံခွန်များကို လေ့လာခဲ့သည်။

ထို့အပြင် Swift သည် သိပ္ပံဆိုင်ရာ သုတေသနစာတမ်းပေါင်း ၇,၀၀၀ နီးပါး ထုတ်ဝေနိုင်ရေး အတွက်လည်း အထောက်အကူ ပြုခဲ့သည်။
ကောင်းမွန်သော အခြေအနေတွင် ရှိနေခဲ့သည့် ဤဂြိုဟ်တုသည် နေပေါ်ရှိ ပေါက်ကွဲမှုများကြောင့် ဖြစ်ပေါ်လာသော ပြင်းထန်သည့် သံလိုက်စက်ကွင်း မုန်တိုင်းများကြောင့် ပတ်လမ်းကြောင်းမှ လမ်းလွဲ ကျရောက်ခဲ့ရသည်။
ဇူလိုင်လတွင် NASA သည် Katalyst Space အမည်ရှိ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းကာ Swift စူးစမ်းလေ့လာရေးယာဉ်၏ ပတ်လမ်းအမြင့်ကို ပြန်လည်မြှင့်တင်ပေးရန်ကြိုးပမ်းခဲ့သည်။
သို့သော် Katalyst Space ကုမ္ပဏီ၏ လက်တံသုံးချောင်းပါရှိသော စက်ရုပ်နည်းပညာသုံး ဝန်ဆောင်မှုပေးသည့် ကယ်ဆယ်ရေးယာဉ် LINK သည် အာကာသထဲသို့ ရောက်ရှိပြီး မကြာမီမှာပင် ၎င်း၏ ဦးတည်ချက်ထိန်းချုပ်မှုပိုင်းဆိုင်ရာ ပြဿနာများနှင့် ကြုံတွေ့ခဲ့ရပြီး ယင်းကြောင့် ထိန်းချုပ်မရနိုင်ဘဲ လည်ပတ်နေခဲ့သည်။
ထို့နောက် ကယ်ဆယ်ရေးယာဉ်သည် စက်တင်ဘာလအတွင်း ကမ္ဘာမြေပေါ်သို့ ပြန်လည်ကျရောက်လာခဲ့ပြီး၊ Swift အာကာသစူးစမ်းလေ့လာရေးယာဉ်မှာမူ အောက်တိုဘာလ ၂၀ ရက်နေ့တွင် လုပ်ငန်းလည်ပတ်မှုများ ရပ်စဲသွားခဲ့သည်။
Swift အာကာသစူးစမ်းလေ့လာရေးယာဉ်သည် ကမ္ဘာမြေပေါ်သို့ ပြန်လည်ကျရောက်လာခဲ့သော်လည်း၊ မြေပြင်တွင် ထိခိုက်ပျက်စီးမှုများ ရှိကြောင်း ချက်ချင်းသတင်းရရှိခြင်း မရှိသေးပေ။
Ref: AP
