သက်တံ့
၃၀. ၁၀. ၂၀၂၆
ရုရှားသမ္မတဗလာဒီမာ ပူတင်က ဥရောပတိုက်ကို ခြိမ်းခြောက်သည့် သူ၏နောက်ဆုံး စစ်ရေးကြိမ်းဝါးမှုအတွင်း ရုရှားနိုင်ငံအနေဖြင့် ဥရောပနှင့် ဖြစ်လာနိုင်ဖွယ်ရှိသော စစ်ပွဲအတွက် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ၎င်းတို့အနေဖြင့် စစ်ပွဲကို လိုလားခြင်းမရှိကြောင်းပါ ထည့်သွင်းပြောဆိုခဲ့သည်။
အင်္ဂါနေ့က ပြုလုပ်ခဲ့သော နော်ဝေနှင့် ဖင်လန်နိုင်ငံတို့၏ ခေါင်းဆောင်များနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့မှုအကြောင်းကို မှတ်ချက်ပေးရာတွင် ရုရှားသမ္မတက ဥရောပနိုင်ငံများနှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရန် ရည်ရွယ်သည့် မည်သည့်ခြေလှမ်းကိုမဆို သူ့နိုင်ငံအနေဖြင့် ထောက်ပံ့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော် ရင်ထိတ်စရာခြိမ်းခြောက်မှုတစ်ခုအနေဖြင့် တင်းမာမှုများ အလွန်အမင်း မြင့်တက်လာပါက “အနိုင်ရသူဟူ၍ ရှိလာမည်မဟုတ်” ဟု ဆိုခဲ့သည်။
“ပထမဦးဆုံးအနေနဲ့ ပြောရရင် ကျွန်တော်တို့က အသင့်ပါပဲ၊ ဒါပေမဲ့ ဥရောပနဲ့ စစ်ဖြစ်ဖို့ လုံးဝ မလိုလားပါဘူး” ဟု ပူတင်က ပြောကြားခဲ့သလို “တကယ်လို့ ဘယ်သူမဆို စစ်ဖြစ်ချင်တယ်ဆိုရင်လည်း ပြင်ဆင်ထားကြပေါ့။ ဒါပေမဲ့ လက်ရှိအချိန်အထိတော့ သူတို့ဟာ ရုရှားကို မဟာဗျူဟာမြောက် ရှုံးနိမ့်သွားအောင် လုပ်ဆောင်နိုင်ဖို့ဆိုတဲ့ သူတို့ရဲ့ ရည်မှန်းချက်ကို မအောင်မြင်သေးပါဘူး။”ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် “အကယ်၍ အခြေအနေတွေသာ အလွန်အမင်း ဆိုးရွားလာမယ်ဆိုရင် အနိုင်ရသူဆိုတာ လုံးဝ ရှိလာမှာ မဟုတ်ပါဘူး။ ဘယ်သူမှ ဒါကို မေ့မထားကြပါနဲ့။”ဟုလည်း ပူတင်က သတိပေးခဲ့သည်။
ယူကရိန်းပဋိပက္ခ ဆက်လက်ဖြစ်ပွားနေချိန်တွင် ကရင်မလင်နန်းတော်၏ ရပ်တည်ချက်အပေါ် သက်ရောက်မှုရှိစေရန် ရည်ရွယ်၍ ဖင်လန်သမ္မတ အလက်ဇန္ဒား စတပ်ဘ် (Alexander Stubb) နှင့် နော်ဝေဝန်ကြီးချုပ် ယိုနာ့စ် ဂါ စတိုရာ (Jonas Gahr Stoere) တို့သည် ရုရှားသမ္မတနှင့် “ပွင့်လင်းပြီး အနှစ်သာရရှိသော” ဆွေးနွေးပွဲများကို ပြုလုပ်ခဲ့ကြသည်။
မော်စကိုနှင့် တိုက်ရိုက် ဆွေးနွေးပြောဆိုခြင်းဖြင့် နှစ်နိုင်ငံခေါင်းဆောင်များသည် သတ်မှတ်စည်းမျဉ်းများနှင့် ပုံစံကောင်းများကို ဖောက်ဖျက်နေကြသည်ဟူသော ဥရောပမြို့တော်အချို့၏ ဝေဖန်မှုများ ရှိနေသော်လည်း ၎င်းတို့အနေဖြင့် ယခုကဲ့သို့ ဖုန်းခေါ်ဆိုခဲ့ခြင်းသည် မှန်ကန်ကြောင်း ပူတင်က ပြောကြားခဲ့သည်။
စတိုရာကမူ မိမိနှင့် စတပ်ဘ်တို့သည် တင်းမာမှု လျှော့ချရေး၏ အရေးပါပုံကို အလေးပေး ပြောကြားခဲ့ပြီး နှစ်ဦးစလုံးက ယူကရိန်းကို အခိုင်အမာ ထောက်ပံ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်ဟု ဆိုသည်။
သို့ရာတွင် ယူကရိန်းအရေးနှင့် ပတ်သက်၍ ဥရောပခေါင်းဆောင်များအနေဖြင့် “အတူတကွ ရပ်တည်ကြရန်” ဒိန်းမတ်ဝန်ကြီးချုပ် မက်တေး ဖရက်ဒရစ်ဆန် (Mette Frederiksen) အပါအဝင် ၎င်းတို့၏ နော့ဒစ် (Nordic) နိုင်ငံချင်းတူ လုပ်ဖော်ကိုင်ဖက်များ၏ ဝေဖန်မှုကို ခံခဲ့ရသည်။
ဆွီဒင်ဝန်ကြီးချုပ် ဥလ်ဖ် ခရစ်စတာဆန် (Ulf Kristersson) ကလည်း အခြားသော ဥရောပခေါင်းဆောင်များက ယခုဆွေးနွေးပွဲများအကြောင်း အသိပေးခြင်း မခံခဲ့ရကြောင်း ပြောကြားခဲ့သည်။
ဘောလ်တစ်ပင်လယ်အနေဖြင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရသည်ကို မော်စကိုက မလိုလားကြောင်း ပူတင်က ထပ်လောင်းပြောကြားခဲ့သည်။
ထို့အတူ ဘောလ်တစ်ပင်လယ်အတွင်း ရေကြောင်းသွားလာမှုတွင် မည်သည့် အတားအဆီးမှ မရှိစေလိုကြောင်း၊ ဆက်သွယ်မှုများကို ကန့်သတ်ခြင်းသည် ဖေဖော်ဝါရီလတွင် အမေရိကန်-အီရန် ပဋိပက္ခ စတင်ဖြစ်ပွားခဲ့ချိန်ကတည်းက ရေလက်ကြားတွင် ဖြစ်ပေါ်နေသည့် အခြေအနေမျိုးဆီသို့ ဦးတည်သွားစေနိုင်ကြောင်း ၎င်းက ဆိုသည်။
“ဘောလ်တစ်ပင်လယ်မှာလည်း ဂတ်ဖ် (Gulf) ဒေသ ဒါမှမဟုတ် ဟော်မုဇ်ရေလက်ကြားလို အခြေအနေမျိုးကို ဘယ်သူကများ ဖြစ်စေချင်နေကြလို့လဲ” ဟု ပူတင်က မေးခွန်းထုတ်ခဲ့သည့်အပြင် “ကျွန်တော်တော့ မသိဘူး။ ကျွန်တော်တို့ကတော့ အဲဒါကို မလိုလားပါဘူး၊ ဒါပေမဲ့ ဘယ်လိုစိန်ခေါ်မှုကိုမဆို ကျွန်တော်တို့ တုံ့ပြန်သွားမှာပါ။”ဟုလည်း ပြောခဲ့သည်။
ကြာသပတေးနေ့ကပင် ဗြိတိန်၏ ဘဏ္ဍာရေးဝန်ကြီးဟောင်း ရေချယ် ရီးဗ်စ် (Rachel Reeves) က “ခက်ခဲကြမ်းတမ်းသော ဆောင်းရာသီ” ကို ရင်ဆိုင်နေရချိန်တွင် ကရင်မလင်၏ ရန်လိုမှုကို ယူကရိန်းက ခုခံကာကွယ်နိုင်ရန်အတွက် အေးခဲထားသည့် ရုရှားပိုင်ဆိုင်ငွေ ပေါင် ၁၇၅ ဘီလီယံကို ထိန်းချုပ်သိမ်းဆည်းကြရန် ဘရပ်ဆဲလ် (Brussels) အစိုးရအား တိုက်တွန်းခဲ့သည်။
အစိုးရအဖွဲ့မှ ထွက်ခွာသွားပြီးနောက် ပထမဆုံး အဓိကပါဝင်ပြောကြားမှုအဖြစ် အဆိုပါ လေဘာအမတ်က ကိယက်ဗ် (Kyiv) သည် ရန်ပုံငွေ ပြတ်လပ်မှုကို ရင်ဆိုင်နေရပြီး ဒေါ်နယ်ဒ် ထရမ့်ပ်ကလည်း အကျပ်အတည်းတွေ့နေသော နိုင်ငံအား “မော်စကိုနှင့် သဘောတူညီချက်တစ်ခု ရယူရန်” ဖိအားပေးနေချိန်တွင် “ယခုချက်ချင်း အရေးယူဆောင်ရွက်ရမည့်အချိန် ဖြစ်သည်” ဟု ဥရောပသမဂ္ဂကို ပြောကြားခဲ့သည်။
ယခုရက်သတ္တပတ်အစောပိုင်းက ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဝက်စ် စထရိတင်း (Wes Streeting) က အစိုးရအနေဖြင့် ဗြိတိန်နိုင်ငံသားများကို စည်သွတ်ဘူးအစားအစာများနှင့် သောက်ရေဘူးများ ကြိုတင်စုဆောင်းထားရန် ပြောကြားခဲ့ပြီးနောက် ဗြိတိန်နိုင်ငံအနေဖြင့် ရက်ပေါင်း ၁,၀၀၀ အတွင်း စစ်ဖြစ်ရန် အသင့်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
The Telegraph သတင်းစာတွင် ရေးသားခဲ့ရာ၌ မစ္စတာ စထရိတင်းက ဗြိတိန်၏ ရန်သူများသည် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံကို တိုက်ခိုက်ရန် အသင့်ဖြစ်နေနိုင်ကြောင်း သတိပေးခဲ့သည်။
ရုရှားက ၎င်း၏ အိမ်နီးချင်းနိုင်ငံကို အလုံးစုံ ၀င်ရောက်တိုက်ခိုက်ခဲ့သည်မှာ ၄ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေသော်လည်း မော်စကိုနှင့် ကိယက်ဗ်တို့သည် အင်္ဂါနေ့ကတည်းက ယူကရိန်းတောင်ပိုင်း အိုလက်ရှ်ကီ (Oleshky) မြို့နှင့် အနီးတစ်ဝိုက်တွင် အပစ်အခတ်ရပ်စဲရေးကို လိုက်နာကျင့်သုံးလျက်ရှိသည်။
ယခင်က အပစ်အခတ်ရပ်စဲရေးများ ရရှိရန် ကြိုးပမ်းမှုများမှာ အလုပ်မဖြစ်ခဲ့ခြင်း သို့မဟုတ် အပစ်အခတ်ရပ်စဲရေးများမှာ အလျင်အမြန်ပင် ပျက်ပြားခြင်းများ ကြုံခဲ့ရသည်။
Ref: Independent
