April 29, 2024

၇. ၁. ၂၀၂၃
MT News Editorial

“ကြိုက်တဲ့အချိန် မဲပုံးထောင်လိုက်ပါ။ ​အမြဲတမ်း နိုင်ပြီးသား” ဟူသည့် စကားသံတစ်စုကို ပြီးခဲ့သည့် ၁၀ နှစ်အတွင်းက မကြာခဏ ကြားဖူးကြပေလိမ့်မည်။

သို့သော် ထိုသို့ ပြောခဲ့သူများကပင် လက်ရှိ SAC က ပြုလုပ်ပေးမည်ဆိုသည့် ရွေးကောက်ပွဲကို အတုအယောင်ရွေးကောက်ပွဲဟုဆိုကာ ကန့်ကွက်နေမှုများသည်လည်း နားလည်ရခက်ပေသည်။

ဥပမာအားဖြင့် ပြီးခဲ့သည့် ဆယ်နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲသုံးကြိမ်ကြုံခဲ့ရာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD ပါတီ ဝင်မပြိုင်ခဲ့သလို ရွေးကောက်ပွဲကို သပိတ်မှောက်မှုများလည်း ပြုလုပ်ခဲ့ပေသည်။ ထို့အတူ မဲမသမာမှုများလည်း စွပ်စွဲခဲ့သော်ငြား တိကျသည့်အထောက်အထား၊ အချက်အလက်များဖြင့် ပြောကြားသည့်ထက် မဲဆန္ဒနယ်တစ်ခုချင်းအလိုက် အငြင်းပွားမှုများ အခြေခံ၍သာ စွပ်စွဲခဲ့ကြခြင်းဖြစ်ပေသည်။ အချက်အလက်ပြည့်ပြည့်စုံစုံဖြင့်အငြင်းပွားလာပါကလည်း မှန်ကန်သူသာ အနိုင်ရသဖြင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲမသမာမှုမှာ အကြီးအကျယ်အငြင်းပွားမှု မကြုံခဲ့ရသလို အချက်အလက်ပြည့်ပြည့်စုံစုံနှင့် မဲမသမာပြုသည်ဟုလည်း ဖော်ထုတ်နိုင်ခဲ့သူမရှိခဲ့ချေ။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲသည်လည်း USDP အစိုးရကို မဲမသမာမှုပြုနိုင်သည်ဟု စွပ်စွဲခဲ့သော်ငြား ဦးသိန်းစိန်အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်၏ တာဝန်ယူမှု တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုများ၊ အာဏာမမက်မောဘဲ အစိုးရတာဝန်လွှဲပြောင်းပေးမှုများ၊ ရွေးကောက်ပွဲအငြင်းပွားမှုတွင် မှန်ကန်သူများသာနိုင်စေခဲ့မှုများကြောင့် မဲမသမာမှုဆိုင်ရာ အထူးတလည် အငြင်းပွားမှုမရှိခဲ့ပါချေ။

သို့သော် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲသည်မူ NLD ပါတီ ရှုံးနိုင်သည့်မဲဆန္ဒနယ်များ ဖျက်သိမ်းမှု(Gerrymandering)၊ ကိုဗစ်အကြောင်းပြုကာ မဲကောက်ခံ မဲရယူသည့် အာဏာသုံးအသာစီးယူမှု၊ တခြားပါတီများမှ မဲဆွယ်အမတ်များကို ကန့်သတ်ထားမှု၊ မှတ်ပုံတင်မပါဘဲ မဲပေးနိုင်မှု၊ မဲစာရင်းအတိအကျကို ရွေးကောက်ပွဲပြီးသည့်အချိန်အထိ မထုတ်ပြန်နိုင်မှု၊ “ဆန္ဒမဲမပေးလိုသည့် No Vote သမားများကို နိုင်ငံသားတာဝန်မကျေပြွန်”ဟု တိုက်ခိုက်မှု၊ မဲစာရွက်အပိုများစွာ ရိုက်နှိပ်မှု၊ ကိုဗစ်အကြောင်းပြကာ လွတ်လပ်စွာစောင့်ကြည့်လေ့လာသတင်းယူခွင့်မပြုမှု၊ ရွေးကောက်ပွဲအပြီး မဲပေးသူစာရင်းများထုတ်ပြန်ရာတွင်လည်း သန်းနှင့်ချီလွဲမှားထုတ်ပြန်မှု၊ မဲစာရင်းများကူးယူခွင့်မပြုဝံ့မှု၊ အထက်ပါ မသမာမှုများ ဆွေးနွေးခံရမည်စိုးရိမ်သဖြင့် လွှတ်တော်ခေါ်ခွင့်လည်း မပြုဘဲ ဒုတိယအကြိမ်လွှတ်တော်ဖျက်သိမ်းကာ တတိယအကြိမ်လွှတ်တော်ကို အဓမ္မခေါ်ယူမှု၊ တပ်မတော်က မဲစာရင်းများအကြိမ်ပေါင်းများစွာစိစစ်ပြီး ဖြေရှင်းရန်တောင်းဆိုသော်လည်း ယနေ့အချိန်အထိ မဲမသမာမှုပြုလုပ်ခြင်းမရှိပါဟု ငြင်းဆန်မှုများ မပြုလုပ်နိုင်ကြသောကြောင့် အာဏာထိန်းသိမ်းခံရမှုဂယက်များ ဆင့်ကဲရိုက်ခဲ့ရသလို NLD အစိုးရဟောင်း မဲမသမာမှုပြုသည်ဟုလည်း သက်သေအထောက်အထားမျိုးစုံဖြင့် သာဓကပြုနိုင်ခဲ့ရာ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲထက် ရုပ်ပျက်ရသော သက်သေများစွာ ပေါ်ထွက်ခဲ့ရပေသည်။

အထက်ပါ ရွေးကောက်ပွဲသုံးကြိမ်ကို ချိန်ဆကြည့်ပါက အမှန်တကယ်သာ မည်သည့်အချိန်မဲပုံးထောင်ထောင် နိုင်မည်ဟု ယုံကြည်ချက်ရှိပါက မည်သူက ရွေးကောက်ပွဲလုပ်သည်ဖြစ်စေ၊ မည်သည့်မဲမသမာမှုကြုံရနိုင်သည်ဖြစ်စေ အဆိုပါ ဖြစ်စဥ်များကို ရင်ဆိုင်စစ်ဆေးရန်ပြင်ဆင်ခြင်း​ဖြင့်သာ ၂၀၂၃ ရွေးကောက်ပွဲကို သတ္တိရှိရှိ ပါဝင်ဆင်နွှဲကာ “ကြိုက်တဲ့အချိန် မဲပုံးထောင်လိုက်ပါ။ ​အမြဲတမ်း နိုင်ပြီးသား” ဟူသည့် စကားသံကို သက်သေပြသင့်ပေသည်။

ထို့ပြင် မဖြစ်သေးသည့် ရွေးကောက်ပွဲကို မတရားလုပ်နိုင်သဖြင့် ပျက်အောင် ဖျက်မည်။ မဲပေးသူများကို တိုက်ခိုက်မည်ဆိုသည့် အောက်တန်းကျသော စိတ်ထားထက် ၂၀၂၃ ရွေးကောက်ပွဲကျင်းပပေးမည့်သူများကို မဲမသမာမှုမပြုနိုင်အောင် စနစ်တကျစောင့်ကြည့်ကာ တပ်မတော်မဲစစ်စဥ်ကကဲ့သို့ NLD အစိုးရ မဲမသမာမှုပြုသည်ဟု စာရင်းဇယားများနှင့် စနစ်တကျ စစ်ဆေးထောက်ပြနိုင်အောင်သာ စွမ်းဆောင်မှုမျိုးဖြင့်သာ မဲမသမာမှုပြုသည် သရုပ်ပေါ်ရေး အားထုတ်သင့်ပေသည်။

သို့သော် ထိုသို့ လုပ်​ဆောင်ရန် ဉာဏ်ရည်နိမ့်ပါးသူများ စွမ်း​ဆောင်နိုင်မှုအားနည်းနေသဖြင့် လက်ရှိအချိန်ဖြစ်နေသည့်အသွင်မှာ “ကြိုက်တဲ့အချိန် မဲပုံးထောင်လိုက်ပါ။ ​အမြဲတမ်း နိုင်ပြီးသား” ဟူသည့် စကားကိုလည်း သက်သေမပြနိုင်၊ ဝင်ပြိုင်ရဲသောသတ္တိလည်း မရှိ၊ မဲမသမာမှုကိုလည်း စစ်ဆေးနိုင်မည့် အသိဉာဏ်အားနည်းသောကြောင့် ၂၀၂၃ ရွေးကောက်ပွဲကို ဖျက်မည်ဟုဆိုကာ ပြည်သူကိုသာပစ်မှတ်ထား တိုက်ခိုက်မည့်လုပ်ရပ်များမှာ လုံးဝ(လုံးဝ) လက်သင့်ခံနိုင်စရာမဟုတ်ပါကြောင်းနှင့် ၂၀၂၃ ရွေးကောက်ပွဲပျက်စေရန် ပြည်သူကိုတိုက်ခိုက်မည့်ကြံဆချက်မှာ အင်မတန်နိမ့်ကျသော ကြံဆချက်ဖြစ်၍ မလုပ်အပ်ပါကြောင်းလည်း MT News သတင်းဌာနက တားဆီးတင်ပြအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *