၇ . ၁. ၂၀၂၃
Written By Thandar

လက်ရှိအချိန်ကာလတွေမှာ အလှူအတန်းတွေ လစဥ်ဆိုသလိုပြုလုပ်နေတဲ့ အကယ်ဒမီ ခန့်စည်သူ ကတော့ ယနေ့ ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ပြည်မြို့က ရွှေဆံတော်စေတီတော်မြတ်ကြီးရဲ့ ရင်ပြင်တော်ပေါ်ရှိတဲ့ မင်းဖူးတန်ဆောင်းကြီးပြုပြင်ဖို့အတွက် မ,တည်အလှူငွေကျပ် ၁၀ သိန်း လှူဒါန်းခဲ့ပါတယ်။

“ကျွန်တော့်ရဲ့ ယနေ့ ကုသိုလ်ပြုအလှူကတော့ ပြည်မြို့က ရွှေဆံတော်စေတီတော်မြတ်ကြီးရဲ့ ရင်ပြင်တော်ပေါ်ရှိ ပျက်စီးယိုယွင်းနေတဲ့ မင်းဖူးတန်ဆောင်းကြီးကို ရှေးမူမပျက် ပြန်လည် ပြုပြင်နိုင်ရန်အတွက် မ,တည်အလှူငွေ (၁၀)သိန်းကို လှူဒါန်းခဲ့ပါတယ်။ နောက် သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီး၊ ဆရာလေးတွေကိုလည်း ဆွမ်းအာဟာရအပြင် လိုအပ်တာတွေ လှူဒါန်းခဲ့ပါတယ်။ ပြုပြုသမျှ ကုသိုလ်အစုစုတို့ရဲ့ အဖိုးဘာဂကို (၇)ရက်သား၊ သမီးအပေါင်း သူတော်ကောင်းတွေကို ကုသိုလ်မျှဝေပါတယ်။ သာဓု သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေ”လို့ သရုပ်ဆောင်ခန့်စည်သူက ပြောပါတယ်။

ဒီလိုလှူဒါန်းမှုအပြင် နိဗ္ဗိန္ဒတောင် တောရကျောင်းတိုက်မှာ သီတင်းသုံးလျက်ရှိကြတဲ့ သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီး၊ ဆရာလေးတွေအတွက် ဆန်၊ ဆီ၊ ဆေး၊ ပဲ အစရှိတဲ့ ပစ္စည်းလေးပါး ၊ အသုံးအဆောင်ပစ္စည်းတွေကိုလည်း နိဗ္ဗာန်ရည်မှန်း လှူဒါန်းခဲ့ပါတယ်။

ပြည်က မင်းဖူးတန်ဆောင်းပြုပြင်ရန်အတွက်လည်း ကုသိုလ်ပါဝင်လိုပါက ပြည်ရွှေဆံတော် စေတီတော်မြတ်ကြီးရဲ့ ဂေါပကအဖွဲ ရုံး 09- 531 2236 ကို တိုက်ရိုက်ဆက်သွယ် လှူဒါန်းနိုင်ပါတယ်လို့ နိဗ္ဗာန်ဆော်ထားပါတယ်။

ခန့်စည်သူ ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်ဟာသ ဖိတ်ဖိတ်တောက် ရုပ်ရှင်ဇာတ်ကားကိုလည်း မကြာသေးခင်က ရုံတင်ပြသခဲ့ပါတယ်။ လက်ရှိမှာတော့ ခန့်စည်သူဟာ လစဥ်လတိုင်းဆိုသလို အမှန်တကယ်လိုအပ်နေတဲ့နေရာကို သွားရောက်ပြီး ကုသိုလ်ပြုအလုပ်တွေ လုပ်ဆောင်လျက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *