April 29, 2024

Editorial

၂၇. ၈. ၂၀၂၃

မြန်မာနိုင်ငံကဲ့သို့ပင် ဗြိတိသျှတို့၏ ကျွန်ပြုမှုခံခဲ့ရသော အိန္ဒိယနိုင်ငံက လကမ္ဘာပေါ်သို့ အာကာသယာဉ်ဆင်းသက်နိုင်ခဲ့ပြီး လပေါ်သို့ ခြေချနိုင်ခဲ့သည့် လေးနိုင်ငံမြောက် နိုင်ငံဖြစ်လာချိန်တွင် မြန်မာသည်ကား ကိုယ်ပိုင်ဂြိုလ်တုပင် ငှားရမ်းလွှင့်တင်နေရသော အဆင့်သာ ရှိသေးချေသည်။ မြန်မာများ၏ တီထွင်ဖန်တီးနိုင်မှုသည့် မည်သည့်နေရာတွင် လွဲခဲ့ပါသနည်း…။

ပြီးခဲ့သည့် ဩဂုတ် ၂၅ ရက်တွင် ကျင်းပခဲ့သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၃)တွင် SAC ဥက္ကဋ္ဌက ငွေကိုင်ထားနိုင်သူများသည် နိုင်ငံ့အတွက် အကျိုးရှိမည့် လုပ်ငန်းများအပေါ် ရင်းနှီးမြှုပ်နှံခြင်းထက် ငွေရလွယ်သည့်လုပ်ငန်းများကိုသာ လုပ်ကိုင်လိုခြင်းကို နည်းလမ်းမှန်အောင် ပြုပြင်သွားရမည်ဟု ပြောကြားခဲ့သည်ကို တွေ့ရှိရပေသည်။ မည်သည့်အတွက်ကြောင့် ငွေရလွယ်သည့် ဆူလွယ်နပ်လွယ်လုပ်ငန်းများတွင်သာ မြှုပ်နှံချင်ကြပါသနည်း…။

ပထမဆုံးသော မေးခွန်းအတွက်ဆိုပါကမူ မြန်မာတို့၏ အလွတ်ကျက်ပညာသင်ကြားမှုပုံစံ၊ မအောင်မနေရ ပညာရေးစနစ်နှင့် မြန်မာမိဘများ၏ သားသမီးကို မခိုင်းရက်မစေရက် စိတ်မချတတ်သော ထိန်းကျောင်းမှုပုံစံကြောင့် ဖြစ်သည်ဟု ဆိုရပေမည်။ အလွတ်ကျက်သောပညာရေးစနစ်၊ မအောင်မနေရ ပညာရေးစနစ်သည် မြန်မာလူငယ်များ၏ တီထွင်ဖန်တီးမှုကို ဆုတ်ယုတ်ပျက်စီးစေခဲ့သကဲ့သို့ သားသမီးကို မခိုင်းရက် မစေရက် မသေမချင်းလုပ်ကျွေးတတ်သော မြန်မာမိဘများ၏ ထိန်းကျောင်းမှုပုံစံအမှားသည် မြန်မာလူငယ်များ၏ ကိုယ်စွမ်းကိုယ်စကို ပျောက်ဆုံးစေခဲ့သည့်အပြင် မိဘမပါ ဘယ်အရာမှ မလုပ်တတ်သော လူဖျင်းလူညံ့အဖြစ်ပါ ရောက်ရှိစေခဲ့လေသည်။ ထို့ကြောင့် မိဘကွယ်လွန်သည့်အခါ သားသမီးများ မလုပ်တတ်မကိုင်တတ်သဖြင့် မိဘလက်ထက် အောင်မြင်ခဲ့သည့် လုပ်ငန်းသည်ပင် ဆုတ်ယုတ်ပျက်စီးသည်ချည်း မြင်ရလေသည်။ အခြားသောနိုင်ငံများတွင် မိဘလက်ငုပ်လုပ်ငန်းများမှသည့် ကမ္ဘာကျော်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်လာသည့်အထိ နှစ်ရာချီ ကြီးကျယ်လာချိန်တွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းစုသည် မိဘလက်ထက်အောင်မြင်သော်လည်း ခပ်ညံ့ညံ့သားသမီးလက်ထဲတွင် ဆုတ်ယုတ်ပျက်စီးရမြဲသာဖြစ်သည်။ ထို့အတွက် မြန်မာလူမျိုးများ၏ ပညာရေးစနစ်နှင့် ရင်သွေးငယ်ကို ထိန်းကျောင်းသည့်ပုံစံအမှားများကို ပြင်ဆင်နိုင်ရန် လိုအပ်ပေသည်။

ဒုတိယမေးခွန်းအတွက်ဆိုပါမူ ငွေရှိသူများက ငွေဖြစ်လွယ်သော အိမ်ခြံမြေ၊ ရွှေ၊ ငွေ၊ ဒေါ်လာ၊ ကား စသောနေရာများတွင်သာ လွယ်လွယ်စျေးကစား၊ လွယ်လွယ်အရောင်းအဝယ်ပြုလုပ်နေသည်ကို ဥပဒေပြု ထိန်းကျောင်းမှုမရှိခဲ့သော အစိုးရအဆက်ဆက်ကိုသာ အပြစ်တင်ရမည်ဖြစ်သည်။ အခြားသောနိုင်ငံများတွင် ပိုင်ဆိုင်မှုအပေါ် ဆတိုးကောက်ခံသော အခွန်စနစ်နှင့် အိမ်ခြံမြေ၊ ရွှေ၊ ငွေ၊ ဒေါ်လာ၊ ကား စျေးကစားမှုများကို ခွင့်ပြုထားခြင်းမရှိဘဲ အစိုးရက ဥပဒေပြုတားမြစ်ထားလေရာ ထိုသို့သော နိုင်ငံများအတွက် ကုန်ထုတ်လုပ်မှုသာ တိုးတက်ရာဖြစ်၍ ထိုသို့သော လုပ်ငန်းများကိုသာ ဇောက်ချလုပ်ကိုင်ကြရာ နိုင်ငံပါ တိုးတက်လာလေသည်။

မြန်မာနိုင်ငံတွင်ကား အစိုးရက ထိုသို့ ဥပဒေပြု ကြပ်မတ်မှုမရှိသဖြင့် အိမ်ခြံမြေ၊ ရွှေ၊ ငွေ၊ ဒေါ်လာ၊ ကားများကို စျေးကစားရန်၊ မြေကွက်များကို ဝယ်ယူမြှုပ်နှံ စျေးကစားရန်သာ ကြံရွယ်နေကြပြီး ထိုသို့ စျေးကစားမှုကိုလည်း သိပါလျက်နှင့် ထိထိရောက်ရောက် အရေးမယူရာ လက်ရှိမြန်မာနိုင်ငံမှာ ကျပ်သိန်း ၅၀၀ ရှိလျင်ပင် ကားကောင်းတစ်စီး၊ အိမ်ကောင်းတစ်ခြံ ဝယ်ယူမနေနိုင်သည့်အဆင့်သို့ ရောက်လာပြီး တစ်ဖက်တွင်မူ ကုန်စည်ထုတ်လုပ်မှုမှာ ကြာလေယုတ်လျော့လေဖြစ်နေရလေသည်။

ထိုသို့သော ဖြစ်ရပ်များသည် လက်ရှိအချိန်တွင် ပြောင်းလဲချိန်တန်ပြီဖြစ်ပြီး ငွေဖြစ်လွယ်သော အိမ်ခြံမြေ၊ ရွှေ၊ ငွေ၊ ဒေါ်လာ၊ ကား စျေးကစားမှုများကို အစိုးရက ပိုင်ဆိုင်မှုအလိုက် အခွန်တိုးမြှင့်ကောက်ခံသည့် ဥပဒေပြဌာန်း ထိန်းကျောင်း၊ တိုက်ဖျက်ကာ စျေးကစားသည့်နိုင်ငံအဖြစ်မှ အစိုးရက ကုန်ထုတ်လုပ်မှုကိုသာ ပံ့ပိုး အားပေးသည့် နိုင်ငံအဖြစ်သို့ ပြောင်းလဲချိန်တန်ပြီဖြစ်ပါကြောင်း MT News သတင်းဌာနက တိုက်တွန်းရေးသားအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *