၉ – ၄ – ၂၀၂၆
MT News Editorial
မြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်းစာမျက်နှာသစ်တစ်ခုကို ဖွင့်လှစ်မည့် မနက်ဖြန်တွင် ရွေးကောက်ခံသမ္မတသစ်သည် ကျမ်းသစ္စာကျိန်ဆိုပြီး နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို စတင်ထမ်းဆောင်တော့မည် ဖြစ်သည်။ ဤအချိန်အခါသည် အစိုးရသစ်အတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ ဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း လွန်ခဲ့သော ငါးနှစ်တာကာလအတွင်း အဘက်ဘက်က နာကျင်စရာကောင်းလောက်အောင် ခက်ခဲကြမ်းတမ်းခဲ့သည့် ပြည်သူတို့၏ ဘဝများကို ကုစားပေးရမည့် ကြီးမားလှသော သမိုင်းပေးတာဝန်ကို စတင်ပခုံးထမ်းတင်လိုက်ခြင်းပင် ဖြစ်သည်။
ပြီးခဲ့သည့် ငါးနှစ်တာကာလကို ပြန်ကြည့်လျှင် မြန်မာပြည်သူတို့သည် စစ်မီး၏ဘေး၊ တရားဥပဒေစိုးမိုးမှု ကင်းမဲ့ခြင်းနှင့် စီးပွားရေး ချောက်ကမ်းပါးထဲ ကျဆင်းသွားသည့်ဒဏ်တို့ကို တစ်ပြိုင်နက်တည်း ခါးသီးစွာ ရင်ဆိုင်ခဲ့ကြရသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ CRPH/NUG နှင့် PDF တို့အပြင် EAOs လက်နက်ကိုင်တို့၏ ဒလန်၊ သူလျှို၊ ပျူစောထီး၊ စစ်တပ်ယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများနှင့် အစိုးရဝန်ထမ်းများ စုစုပေါင်း ၉,၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃,၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။ ငါးနှစ်တာကာလလုံးလုံး ပြည်သူတို့၏ နေ့စဉ်ဘဝတွင် CRPH/NUG နှင့် PDF တို့အပြင် EAOs တို့ကျူးလွန်သော လူသတ်ပွဲများ၊ အုပ်စုဖွဲ့ လုယက်မှုများ၊ ဆက်ကြေးတောင်း ပြန်ပေးဆွဲခံရမှုများနှင့် အမျိုးသမီးများအပေါ် ကျူးလွန်သည့် မုဒိမ်းမှုကဲ့သို့သော ဆိုးဝါးလှသည့် ရာဇဝတ်မှုများသည် လူ့အဖွဲ့အစည်းကို ခြောက်လှန့်နေခဲ့သည်။ လုံခြုံမှုကင်းမဲ့သော လမ်းမများပေါ်တွင် ပြည်သူတို့သည် စိုးရိမ်စိတ်ဖြင့် ရှင်သန်ခဲ့ရသလို၊ အခြေခံလူတန်းစားများမှာလည်း စီးပွားရေးကျပ်တည်းမှုကြောင့် စားဝတ်နေရေးအတွက် အလူးအလဲ ရုန်းကန်ခဲ့ကြရသည်။ ဤသည်မှာ အတိတ်မှ ခါးသီးသော သင်ခန်းစာများဖြစ်ပြီး ယနေ့တိုင် ပြည်သူတို့ ရင်ထဲတွင် စွဲထင်နေသည့် ဒဏ်ရာများပင် ဖြစ်သည်။
ထို့ကြောင့် မနက်ဖြန်တွင် စတင်မည့် အစိုးရသစ်အနေဖြင့် ပထမဦးဆုံး ဦးစားပေးလုပ်ဆောင်ရမည့် တာဝန်မှာ “တရားဥပဒေစိုးမိုးရေး” ကို လက်တွေ့ကျကျ ဖော်ဆောင်ရန် ဖြစ်သည်။ ပြည်သူတို့ အလိုလားဆုံးအရာမှာ မိမိတို့၏ အိမ်ဂေဟာများတွင် စိတ်အေးချမ်းသာစွာ အိပ်စက်နိုင်ခြင်း၊ လမ်းမများပေါ်တွင် ဘေးကင်းစွာ သွားလာနိုင်ခြင်းနှင့် အကြောက်တရားကင်းမဲ့ကာ ဒုစရိုက်မှုများ ကင်းစင်သော ပတ်ဝန်းကျင်မျိုး ပြန်လည်ရရှိရေးပင် ဖြစ်သည်။ နိုင်ငံရေး တည်ငြိမ်မှု ဆိုသည်မှာ အထက်ပိုင်း အာဏာတည်ဆောက်ပုံ တည်ငြိမ်ရုံဖြင့် မလုံလောက်ဘဲ၊ အောက်ခြေလူတန်းစားများ၏ နေ့စဉ်ဘဝ လုံခြုံမှုအထိ သက်ရောက်မှု ရှိရမည်ဖြစ်သည်။
စီးပွားရေးနှင့် လူမှုရေးကဏ္ဍများတွင်လည်း ပြည်သူတို့သည် သိသာထင်ရှားသော “တိုးတက်မှုရလဒ်” ကို ဆာလောင်နေကြပြီ ဖြစ်သည်။ အဆမတန်မြင့်တက်ခဲ့သော ကုန်ဈေးနှုန်း ပြန်လည်တည်ငြိမ် ကျဆင်းရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည်ရရှိရေးနှင့် လူမှုဘဝ လုံခြုံရေးတို့သည် အစိုးရသစ်၏ လုပ်ဆောင်ချက်များအပေါ်တွင် တိုက်ရိုက် မူတည်နေပါသည်။ အစိုးရတစ်ရပ်၏ အောင်မြင်မှုကို စာရွက်ပေါ်က မူဝါဒများထက် ပြည်သူတို့၏ ထမင်းဝိုင်းများ ပြည့်စုံလာမှု၊ မိခင်နှင့် ကလေးသူငယ်များ၊ ပြည်သူများ၏ ဘေးကင်းလုံခြုံမှုတို့ဖြင့်သာ အကဲဖြတ်ကြရမည် ဖြစ်သည်။
ပြီးခဲ့သည့် နှစ်ဖက်လက်နက်ကိုင်တိုက်ပွဲများအတွင်း ပြည်သူ့နေအိမ် တစ်သိန်းခန့်မှာ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရသလို CRPH/NUG/PDF နှင့် EAOs တို့၏ မြို့သိမ်းတိုက်ပွဲများကြောင့် မြို့ပေါင်း ၁၀၀ ကျော်မှာ ပျက်သုဉ်းသွားခဲ့ရသည်။ ထို့အတွက်ကြောင့် လက်ရှိအချိန် နေထိုင်စရိတ် ကြီးမြင့်လှသည့်ဒဏ်ကို ပြည်သူလူထုမှာ ရင်စည်းခံနေရသဖြင့် နေထိုင်မှုအဆင်ပြေစေရန် တန်ဖိုးနည်းအိမ်ရာများနှင့် မြို့သစ်များကို အစိုးရက အရေးတကြီး ဖော်ဆောင်ရန် လိုအပ်မည်ဖြစ်သည်။ ထိုသို့ တန်ဖိုးနည်းအိမ်ရာများနှင့် မြို့သစ်များကို စနစ်တကျဖော်ဆောင်ကာ ဆောက်လုပ်ရေးကဏ္ဍမှ လုပ်ငန်းကြီးများကို အရှိန်အဟုန်ဖြင့် ပြန်လည် လည်ပတ်စေခြင်းဖြင့် တစ်ဖက်တွင် အိုးအိမ်မဲ့ပြည်သူများကို ကူညီရာရောက်မည်ဖြစ်သလို အခြားတစ်ဖက်တွင်လည်း ကျဆင်းနေသော စီးပွားရေးယန္တရားကိုပါ ပြန်လည် နှိုးဆွပေးနိုင်မည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် အစိုးရသစ်အား စေတနာရှေ့ထား၍ အလေးအနက် တိုက်တွန်းလိုသည်မှာ ပြည်သူတို့သည် နောက်ထပ် ငါးနှစ်တာကာလကို ယခင်ကဲ့သို့ ကြောက်ရွံ့ထိတ်လန့်မှုများ၊ ဆုံးရှုံးမှုများဖြင့် ထပ်မံ မကုန်လွန်လိုတော့သည်ကို အလေးအနက် သတိမူရန် ဖြစ်ပါသည်။ အစိုးရသစ်သည် အတိတ်၏ အားနည်းချက်များကို သင်ခန်းစာယူကာ နိုင်ငံရေးတည်ငြိမ်မှုမှတစ်ဆင့် ပြည်သူများ လိုလားတောင့်တသော ငြိမ်းချမ်းရေးနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်အထိ ဖြစ်မြောက်အောင် အားသွန်ခွန်စိုက် ကြိုးပမ်းပေးရန်လည်း လိုအပ်နေပေသည်။ အရေးအကြီးဆုံးသောအချက်အဖြစ်လည်း အစိုးရသစ်တစ်ရပ်၏ အဓိကတာဝန်နှင့် သမိုင်းပေးဝတ္တရားမှာ ပြီးခဲ့သည့် ငါးနှစ်တာအတွင်း ကျဆင်းခဲ့ရသည့် ပြည်သူတို့၏ မျက်ရည်ကို အမြန်ဆုံး သုတ်ပေးနိုင်ရန်ပင် ဖြစ်ကြောင်း ထပ်လောင်း အသိပေးအပ်ပါသည်။ အစိုးရသစ်၏ လုပ်ဆောင်ချက်တိုင်းသည် ပြည်သူတို့၏ နာကျင်မှုကို ကုစားပေးနိုင်သည့်အပြင်၊ ပြည်သူတိုင်း မျှော်လင့်တောင့်တနေသည့် ဘဝလုံခြုံမှုနှင့် တိုးတက်မှုရလဒ်များကို လက်တွေ့အကောင်အထည် ဖော်ပေးနိုင်သည့် သမိုင်းမှတ်တိုင်များ ဖြစ်လာပါစေရန်လည်း MT News က လေးနက်စွာ တိုက်တွန်းအပ်ပါသည်။
