နေမိုး
၉. ၄. ၂၀၂၆
မဲမသမာမှုဖြင့် NLD အစိုးရဖြုတ်ချခံရမှုကို မကျေနပ်မှုကြောင့် နိုင်ငံတစ်ဝန်းတွင် ထကြွလာသော PDF များက ပြည်သူများသွားလာရာလမ်းပင်မရှောင် နင်းမိုင်းများ၊ မြေမြုပ်မိုင်းများထောင်မှုကြောင့် မြန်မာနိုင်ငံတစ်ဝန်း မိုင်းကွင်းများသာဖြစ်နေသလို ကမ္ဘာပေါ်တွင်လည်း မြေမြှုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရမှုအများဆုံး ဖြစ်လာသည့် မြန်မာနိုင်ငံတွင် ယခုလည်း PDF များ ထောင်ထားသည့် နင်းမိုင်းကို နင်းမိသည့်အမျိုးသားသုံးဦး သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ရပြန်သည်။
NUG ဩဇာခံ PDF များ ကျူးလွန်သည့် မိုင်းထောင်မှု ဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ ဧပြီ ၇ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားလူငယ်တစ်ဦးနှင့် ဒဏ်ရာရရှိသူ လူငယ်အမျိုးသားတစ်ဦးတို့ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၉ နာရီတွင် မတ္တရာမြို့နယ်၊ တံငါကျေးရွာနေသူများဖြစ်ကြသည့် မောင်ဝင်းသော်မောင်(၁၄)နှစ်နှင့် မောင်ချမ်းမြေ့ဇော် (၁၆)နှစ်တို့သည် အဆိုပါကျေးရွာအနီးရှိ ငှက်ပျောတောအတွင်း၌ ငှက်ပျောခိုင်ခုတ်နေစဉ် PDF များ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် မောင်ဝင်းသော်မောင်တွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မောင်ချမ်းမြေ့ဇော်တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အလားတူ ညနေ ၅ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီး၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁၀ နာရီတွင် သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာနေ ဦးဇော်မင်း(၄၂)နှစ်သည် ၎င်း၏နေအိမ်မှ ရှားတောကျေးရွာသို့ ခြေလျင်သွားရောက်စဉ် ရှားတောကျေးရွာတောင်ဘက် တစ်မိုင်ခွဲခန့်အကွာ အရောက်၌ PDF များ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိ ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
