ဖြိုးဝေ
၁၃. ၅. ၂၀၂၆
၂၁ ရာစု၏ ဒေသတွင်း ပထဝီနိုင်ငံရေး အခင်းအကျင်းတွင် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) သည် အဖွဲ့ဝင်နိုင်ငံများအကြား မတူညီသော အကျိုးစီးပွားနှင့် မဟာဗျူဟာမြောက် ရပ်တည်ချက်များကြောင့် ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။
အထူးသဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်အပေါ် ကိုင်တွယ်ရာတွင် အာဆီယံအတွင်းရှိ “ကျွန်းစုပိုင်းနိုင်ငံများ” (Maritime ASEAN) နှင့် “ကုန်းတွင်းပိုင်းနိုင်ငံများ” (Mainland ASEAN) အကြား သဘောထားကွဲလွဲမှုများ သိသိသာသာ ပေါ်လွင်လာသည်။
တောင်တရုတ်ပင်လယ်အရေးအခင်းကြောင့် တရုတ်နိုင်ငံကို မကျေလည်သော ကျွန်းစုနိုင်ငံများက တရုတ်၏ ပင်လယ်ထွက်ပေါက်ဖြစ်လာနိုင်ပြီး ကျွန်းစုနိုင်ငံများ၏ စီးပွားရေးကို အခက်ကြုံလာစေနိုင်သည့် မြန်မာနိုင်ငံကို ခေါင်းထောင်ထမလာနိုင်အောင် သံတမန်ရေးအရ ပစ်ပယ်ထားခြင်းသည် အာဆီယံ၏ စုစည်းမှုကို အားနည်းစေရုံသာမက၊ ဒေသတွင်း အင်အားချိန်ခွင်လျှာကို အခြေခံမှစ၍ လှုပ်ခါသွားစေနိုင်သည့် “မိန်းလန်းအစုအဖွဲ့” သစ်တစ်ခု ပေါ်ပေါက်လာစေရန် တွန်းအားပေးနေသကဲ့သို့ ဖြစ်နေသည်။
◾ သန်း ၃၀၀၀ စျေးကွက်နှင့် မိန်းလန်း၏ ဗဟိုချက်
ပထဝီဝင်အနေအထားအရ လူဦးရေသန်း ၂၅၀ ခန့်ရှိသော မိန်းလန်းအာဆီယံ (မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်) သည် ကမ္ဘာ့လူဦးရေအထူထပ်ဆုံးနှင့် စီးပွားရေးအရှိန်အဟုန် အကောင်းဆုံးဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် ကုန်းမြေချင်း တိုက်ရိုက်ထိစပ်နေသည်။ ဤနိုင်ငံကြီးသုံးခု၏ စုစုပေါင်းလူဦးရေသည် သန်းပေါင်း ၃၀၀၀ နီးပါးရှိပြီး ကမ္ဘာ့လူသားထု၏ ၄၀ ရာခိုင်နှုန်းခန့် ဖြစ်သည်။
” မြန်မာနိုင်ငံသည် ဤဧရာမစျေးကွက်ကြီးသုံးခုဆုံရာ “ရွှေစင်္ကြံ (Golden Corridor) ” ပေါ်တွင် တည်ရှိသည်။ အကယ်၍ အာဆီယံ၏ လက်ရှိမူဝါဒများက မြန်မာကို ချန်ရစ်ထားမည်ဆိုပါက မြန်မာနိုင်ငံသည် ပထဝီအားသာချက်ကို အသုံးချကာ အိမ်နီးချင်းနိုင်ငံကြီးများနှင့် ပိုမိုနီးကပ်သော “မိန်းလန်းမဟာမိတ်” ကို တည်ဆောက်လာနိုင်သည်။ ဤသို့ဖြစ်လာပါက မိန်းလန်းနိုင်ငံများသည် ပင်လယ်ရေကြောင်းကိုသာ အားပြုနေရသည့် မာရစ်တိုင်းနိုင်ငံများကို မှီခိုနေစရာမလိုဘဲ ကမ္ဘာ့အကြီးဆုံး စားသုံးသူစျေးကွက်ကြီးဆီသို့ ကုန်းလမ်းဖြင့် တိုက်ရိုက်ထိုးဖောက်နိုင်မည့် အခွင့်အရေးကို ရရှိသွားမည်ဖြစ်သည်….”။
◾ ကျွန်းစုနိုင်ငံတို့၏ အားနည်းချက်နှင့် မလက္ကာရေလက်ကြား၏ အကျပ်အတည်း
မာရစ်တိုင်းနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် စင်ကာပူတို့သည် သမိုင်းတစ်လျှောက် ပင်လယ်ရေကြောင်း ကုန်သွယ်မှုကို အခြေခံ၍ စီးပွားရေးတည်ဆောက်ခဲ့ကြသူများဖြစ်သည်။ ၎င်းတို့၏ အဓိက အားသာချက်မှာ “မလက္ကာရေလက်ကြား” ကို ထိန်းချုပ်နိုင်မှုနှင့် ပင်လယ်ရေကြောင်း ဝန်ဆောင်မှုပေးနိုင်မှုပင် ဖြစ်သည်။
သို့သော် လာအိုမှအပ ကျန်နိုင်ငံအားလုံး ပင်လယ်ထွက်ပေါက်ရှိသော မိန်းလန်းအုပ်စုကသာ မိမိနိုင်ငံ၏ ပင်လယ်ရေကြောင်းစီးပွားကိုသာမက မြန်မာနိုင်ငံ၏ ရခိုင်ကမ်းရိုးတန်းနှင့် တနင်္သာရီကမ်းရိုးတန်းတို့ကို ဗဟိုပြု၍ အိန္ဒိယသမုဒ္ဒရာသို့ ထွက်နိုင်မည့် ကုန်းလမ်းကုန်သွယ်ရေး လမ်းကြောင်းများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများကို အပြည့်အဝ အကောင်အထည် ဖော်လိုက်ပါက မာရစ်တိုင်းနိုင်ငံများ အသက်သွေးကြောအဖြစ် အားကိုးနေရသည့် ရေလက်ကြားများ၏ အရေးပါမှုသည် သိသိသာသာ လျော့ကျသွားပါလိမ့်မည်။ မိန်းလန်းနိုင်ငံများသည် ကုန်းလမ်း၊ ရေလမ်း နှစ်မျိုးလုံးကို ပိုင်ဆိုင်ထားသဖြင့် ၎င်းတို့သာ သီးခြားခွဲထွက်သွားပါက ပင်လယ်ရေကြောင်းကိုသာ အားကိုးနေရသည့် ကျွန်းစုနိုင်ငံများမှာ စီးပွားရေးအရရော၊ မဟာဗျူဟာအရပါ အထီးကျန်သွားနိုင်သည့် အန္တရာယ်ရှိနေသည်။
အထူးသတိချပ်ရန်မှာ မာရစ်တိုင်းနိုင်ငံများသည် ပင်လယ်ပြင်ကိုသာ စိုးမိုးနိုင်သော်လည်း မိန်းလန်းအုပ်စုသည် ‘Land-Sea Synergy’ (ကုန်းလမ်း- ရေလမ်း ဟန်ချက်ညီမှု) ကို ပိုင်ဆိုင်ထားသည့် နိုင်ငံများဖြစ်ပြီး ထိုနိုင်ငံများသာ သီးခြားအစုတစ်စုအဖြစ် ခွဲထွက်သွားပါက မာရစ်တိုင်းနိုင်ငံများအဖို့ မဟာဒုက္ခ တွင်းဆုံးကျပေလိမ့်မည်။
◾ ဒီမိုကရေစီ မျက်နှာဖုံးနှင့် မာရစ်တိုင်းတို့၏ နှစ်ခွစံနှုန်းများ
အာဆီယံအတွင်းရှိ မာရစ်တိုင်းနိုင်ငံအချို့က မြန်မာနိုင်ငံအပေါ် “ဒီမိုကရေစီစံနှုန်း” များဖြင့် ဝေဖန်ဖိအားပေးနေခြင်းသည် ဒေသတွင်းလက်တွေ့မြေမျက်နှာသွင်ပြင် (Geopolitical Reality) ကို လျစ်လျူရှုရာ ရောက်ရုံသာမက မိမိတို့၏ ကိုယ်ပိုင်နိုင်ငံရေး အခင်းအကျင်းများကိုပါ မေ့လျော့နေကြခြင်း ဖြစ်သည်။ အာဆီယံအတွင်း၌ ဒီမိုကရေစီစစ်စစ် ကျင့်သုံးသည့်နိုင်ငံ အလွန်နည်းပါးသည်ကို သတိပြုရန် လိုအပ်သည်။
မာရစ်တိုင်းနိုင်ငံများတွင်လည်း ဘရူနိုင်းကဲ့သို့ “သက်ဦးဆံပိုင် ဘုရင်စနစ်” ကို ကျင့်သုံးနေသည့် နိုင်ငံရှိသလို၊ အခြားနိုင်ငံများတွင်လည်း အာဏာရှင်ဆန်သော အုပ်ချုပ်ရေးစနစ်များနှင့် စစ်တပ်၏ ဩဇာလွှမ်းမိုးမှုများမှာ အထင်အရှား ရှိနေဆဲဖြစ်သည်။ မိန်းလန်းနိုင်ငံများတွင်လည်း တစ်ပါတီစနစ်နှင့် အာဏာသိမ်းအစိုးရများ ရှိနေသည်မှာ အရှိတရားပင် ဖြစ်သည်။ ထိုအခြေအနေများကြားမှ မြန်မာနိုင်ငံကိုသာ သီးခြားခွဲထုတ်ကာ “ဒီမိုကရေစီ” ခေါင်းစဉ်ဖြင့် ဖိအားပေးနေခြင်းသည် ကိုယ်တိုင်လည်း ပြီးပြည့်စုံခြင်းမရှိဘဲ အခြားသူကို အပြစ်တင်နေသည့် “နှစ်ခွစံနှုန်း” (Double Standard) သာ ဖြစ်နေသည်။
မာရစ်တိုင်းနိုင်ငံများသည် အခြားနိုင်ငံများ၏ အိမ်တွင်းရေးကို ဝေဖန်ခြင်းမပြုမီ မိမိတို့၏ အိမ်နောက်ဖေးမှ အာဏာရှင်အကြွင်းအကျန်များ၊ တစ်ပါတီကြီးစိုးမှုများနှင့် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများကို ဦးစွာ ပြန်လည်ဆန်းစစ်သင့်သည်။ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့သည် အာဏာရှင်စနစ်နှင့် စစ်တပ်၏ ဩဇာလွှမ်းမိုးမှုမှ လုံးဝဥဿုံ လွန်မြောက်ရန် ရုန်းကန်နေရဆဲ ဖြစ်သလို၊ စင်ကာပူမှာလည်း တစ်ပါတီကြီးစိုးသည့် စနစ်ဖြင့်သာ နိုင်ငံကို မောင်းနှင်နေခြင်းဖြစ်သည်။ ထို့အတူ ဘာသာရေးအခြေခံသော နိုင်ငံရေးစနစ်နှင့် စည်းမျဉ်းခံဘုရင်စနစ်ကို ကျင့်သုံးသည့် မလေးရှား၊ သက်ဦးဆံပိုင်ဘုရင်စနစ် ကျင့်သုံးဆဲဖြစ်သော ဘရူနိုင်းကဲ့သို့ မာရစ်တိုင်းနိုင်ငံများက မြန်မာ့အရေးကို ဝေဖန် ဖယ်ထုတ်နေခြင်းမှာ ကိုယ့်မျက်ချေးကိုယ်မမြင်ဘဲ သူတစ်ပါးမျက်ချေးကိုသာ မြင်သကဲ့သို့ ဖြစ်နေသည်။
◾ ပထဝီဝင်အကျပ်အတည်းနှင့် မိန်းလန်း၏ အနှစ်သာရပြောင်း စုဖွဲ့မှု
မိန်းလန်းနိုင်ငံများသည် နယ်နိမိတ်ချင်း ထိစပ်နေသည့်အတွက် မြန်မာနိုင်ငံ၏ တည်ငြိမ်မှုကို ၎င်းတို့၏ ကိုယ်ပိုင်လုံခြုံရေးနှင့် စီးပွားရေးအသက်သွေးကြောအဖြစ် ရှုမြင်ကြသည်။ မာရစ်တိုင်းနိုင်ငံများကဲ့သို့ ရေခြားမြေခြားမှနေ၍ စာအုပ်ကြီးအတိုင်း မူဝါဒချမှတ်နေခြင်းသည် မြန်မာနှင့် ထိစပ်နေသော မိန်းလန်းနိုင်ငံများ ရင်ဆိုင်နေရသည့် “ပထဝီအကျပ်အတည်း” (Geopolitical Squeeze) ကို လုံးဝနားမလည်ခြင်းပင် ဖြစ်သည်။
အကယ်၍သာ တရုတ်ဦးဆောင်သည့် မဲခေါင်မြစ်ဝှမ်းနိုင်ငံများ (မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်) သည် “မိန်းလန်းအာဆီယံ” အဖြစ် အသွင်သဏ္ဍာန်ရော အနှစ်သာရပါ ပြောင်းလဲစုဖွဲ့လိုက်မည်ဆိုပါက ကမ္ဘာ့အရှေ့ဖျားနှင့် တောင်အာရှကြားတွင် “ဧရာမ ကုန်းတွင်းစီးပွားရေး အင်အားစုသစ်” (Continental Economic Powerhouse) တစ်ခု ပေါ်ပေါက်လာမည်ဖြစ်သည်။ ဤစုဖွဲ့မှုသည် ပင်လယ်ရေကြောင်းကိုသာ အားကိုးနေရသည့် စင်ကာပူ၊ ဖိလစ်ပိုင်တို့လို နိုင်ငံများအတွက် အကြီးမားဆုံးသော “ချန်လှပ်ခံရမှု” ဖြစ်သွားနိုင်ပြီး မိန်းလန်းနိုင်ငံများကသာ စျေးကွက်အာဏာနှင့် စွမ်းအင်လုံခြုံရေးကို ချုပ်ကိုင်သွားပေလိမ့်မည်။
ထိုမဲခေါင်နိုင်ငံများအဖို့ မြန်မာနိုင်ငံကို တည်မှီကာ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများကို ကုန်းလမ်း၊ ရေလမ်းမှတစ်ဆင့် လွယ်လင့်တကူချိတ်ဆက်ကာ ပိုမိုအင်အားကောင်းသော Mainland ASEAN အဖြစ် အသွင်ပြောင်းသွားနိုင်သည်ကို မာရစ်တိုင်းများက ပို၍ပို၍ သတိချပ်ရမည်ဖြစ်သည်။
◾ အာဆီယံပြိုကွဲမှု၏ အကျိုးဆက်
အာဆီယံကို တည်ထောင်ခဲ့သည့် မူလရည်ရွယ်ချက်မှာ အင်အားကြီးနိုင်ငံများ၏ လွှမ်းမိုးမှုကို စုပေါင်းတွန်းလှန်ရန်နှင့် ဒေသတွင်း တည်ငြိမ်ရေးအတွက်ဖြစ်သည်။ ယခုအခါ တီမော၊ အင်ဒိုနီးရှားနှင့် စင်ကာပူတို့က အာဆီယံ၏ အခြေခံမူဖြစ်သော အိမ်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူ (Non-interference policy) အပေါ် လိုသလို အဓိပ္ပာယ်ဖွင့်ဆိုကာ မြန်မာ့အရေးကို စွက်ဖက်ပြီး ဖယ်ထုတ် ပစ်ပယ်ရန်ကြိုးပမ်းရာမှတစ်ဆင့် မိန်းလန်းနှင့် မာရစ်တိုင်းဟူ၍ နှစ်ခြမ်းကွဲသွားနိုင်သည့် အခြေအနေသည် အာဆီယံ၏ ဗဟိုချက် (ASEAN Centrality) ကို ပျက်စီးစေပါလိမ့်မည်။
မိန်းလန်းနိုင်ငံများသည် မိမိတို့၏ ပထဝီဝင်အရ တရုတ်၊ အိန္ဒိယတို့နှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးကို ဖော်ဆောင်ရမည်မှာ မလွဲဧကန်ဖြစ်သည်။ အကယ်၍ မိန်းလန်း (၅) နိုင်ငံသည် အာဆီယံ၏ တင်းကျပ်စွက်ဖက်ပြီး အခြားနိုင်ငံအရေးကို ဆုံးဖြတ်ချင်သော အာဏာရှင်ဆန်သည့် မူဝါဒများအောက်မှ ခွဲထွက်၍ သီးခြားအုပ်စုဖွဲ့သွားပါက ကျန်ရှိနေခဲ့မည့် မာရစ်တိုင်းနိုင်ငံများသည် ကုန်းတွင်းပိုင်းစျေးကွက်များနှင့် အဆက်အသွယ်ပြတ်တောက်ကာ ဒေသတွင်း သြဇာအာဏာ လုံးဝ ကျဆင်းသွားပါလိမ့်မည်။
◾ အချိန်မီ ပြင်ဆင်သင့်သည့် အာဆီယံပြိုကွဲမှု မဖြစ်စေရေး
အချုပ်အားဖြင့်ဆိုသော် အာဆီယံသည် မြန်မာနိုင်ငံကို ပစ်ပယ်ထားခြင်းဖြင့် ၎င်း၏ အနာဂတ်ကို လောင်းကြေးထပ်နေသကဲ့သို့ ဖြစ်နေသည်။ မြန်မာသည် မိန်းလန်း၏ မရှိမဖြစ် အစိတ်အပိုင်းဖြစ်သလို၊ မိန်းလန်းသည်လည်း အာဆီယံ၏ အမာခံနယ်မြေဖြစ်သည်။ မိန်းလန်းနိုင်ငံများတွင် ပင်လယ်ထွက်ပေါက်များ၊ ဧရာမစျေးကွက်များနှင့် ချိတ်ဆက်နိုင်မှုများ ရှိနေသည့်အတွက် ၎င်းတို့သာ စုစည်းခွဲထွက်သွားပါက မာရစ်တိုင်းနိုင်ငံများအတွက် ခက်ခဲသော အနာဂတ်ကိုသာ ရင်ဆိုင်ရမည်ဖြစ်သည်။
လက်ရှိ အာဆီယံ၏ လုပ်ဆောင်ချက်များသည် ‘မြန်မာ့အရေး’ ကို ဖြေရှင်းနေခြင်း မဟုတ်ဘဲ ‘မိမိတို့၏ အနာဂတ် ပြိုကွဲကြောင်း’ ကို ကိုယ်တိုင် ရေးဆွဲနေခြင်းသာ ဖြစ်သည်။ အာဆီယံအနေဖြင့် မြန်မာ့အရေးကို ဖြေရှင်းရာတွင် လက်တွေ့ကျသော ပထဝီနိုင်ငံရေး အချက်အလက်များ (Realpolitik) ကို အခြေခံရန် လိုအပ်သည်။
ထို့ကြောင့် အာဆီယံအနေဖြင့် အက်ကြောင်းထစေမည့် ဖယ်ထုတ်ရေး မူဝါဒများကို ပြန်လည်သုံးသပ်ပြီး မြန်မာနိုင်ငံကို ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ယန္တရားအတွင်းသို့ အမြန်ဆုံး ပြန်လည်ခေါ်ဆောင်သင့်သည်။ မြန်မာ့အရေးကို နိုင်ငံရေးစံနှုန်းတစ်ခုတည်းဖြင့် မကြည့်ဘဲ၊ အာဆီယံနိုင်ငံများတွင်လည်း မကြာခဏဖြစ်ပွားတတ်သည့် နိုင်ငံရေးပဋိပက္ခအခြေအနေ၊ နိုင်ငံကြီးများ၏ ပထဝီနိုင်ငံရေးကစားကွင်းဖြစ်နေသည့်အခြေအနေ၊ လက်နက်ကိုင်နှင့် လူမျိုးစုများလွန်းသည့် အခြေအနေ စသည်တို့အားလုံးကို စေ့ငုသင့်သည်။ ထိုသို့ ဘက်ပေါင်းစုံ စေ့ငုပြီးမှ သန်း ၃၀၀၀ ဈေးကွက်နှင့် ချိတ်ဆက်ထားသည့် “မိန်းလန်းအင်အားစု” ၏ မဟာဗျူဟာမြောက် အခန်းကဏ္ဍနှင့် မြန်မာနှင့် ထိစပ်နေသော အိမ်နီးချင်းနိုင်ငံများ၏ လက်တွေ့ဘဝကို အသိအမှတ်ပြုကာ မြန်မာနိုင်ငံကို ပြန်လည် အသိအမှတ်ပြု ထိတွေ့ဆက်ဆံခြင်းသည်ကသာ အာဆီယံပြိုကွဲမှုကို တားဆီးနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါလိမ့်မည်။
