သတိုး
၁၂. ၅. ၂၀၂၆
မြန်မာ-ထိုင်းနယ်စပ်ရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော KNU ၏ KK Park ဝင်းအတွင်းရှိ ကျားဖြန့် (Cyber Scam) လုပ်ငန်းခွင်တစ်ခုအတွင်း အဓမ္မစေခိုင်းခံရရာမှ အတူတူရှိခဲ့ကြသည့် အိန္ဒိယအမျိုးသား သုံးဦးသည် ကယ်တင်ခံရပြီးနောက် မိခင်နိုင်ငံသို့ ပြန်ရောက်သောအခါ အွန်လိုင်းငွေလိမ်မှုများကို ကိုယ်တိုင် ပြန်လည်လုပ်ဆောင်ခဲ့ကြစဉ် ဖမ်းဆီးခံခဲ့ရသည်။
၎င်းတို့ကို မတ်လအတွင်းက အိန္ဒိယနိုင်ငံ၊ မဟာရဋ္ဌပြည်နယ် မွမ်ဘိုင်းမြို့အနီးရှိ ခြံစည်းရိုးခတ်ထားသော ခြံဝန်းတစ်ခုတွင် ငွေလိမ်လုပ်ငန်းအကြီးအကျယ် တည်ထောင်ရန် ပြင်ဆင်နေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မဟာရဋ္ဌပြည်နယ် ရဲတပ်ဖွဲ့က ပြောကြားသည်။
◾️ KK Park တွင် ကျွန်ပြုခံရမှု
နာဗီမွမ်ဘိုင်း၊ ဂျလန်ဒါ နှင့် ဒါဂျီလင် မြို့များမှ လာကြသော အဆိုပါ အမျိုးသား သုံးဦးသည် ဘန်ကောက်တွင် လစာကောင်းသော အလုပ်ရမည်ဟူသော ကြော်ငြာများကို ယုံကြည်ပြီး ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ကြသည်။ ထိုမှတဆင့် မြန်မာနိုင်ငံ မြဝတီဒေသရှိ အကြမ်းဖက်လက်နက်ကိုင် KNU ရှယ်ယာပါဝင်သည့် နာမည်ကြီး KK Park ကျားဖြန့်ဝင်းသို့ အဓမ္မခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။
၎င်းတို့သည် ထိုနေရာတွင် အိန္ဒိယနိုင်ငံသားများကို ပစ်မှတ်ထားကာ ရှယ်ယာအရောင်းအဝယ်လိမ်လည်မှု၊ အလုပ်ပေးမည်ဟုဆိုကာ လိမ်လည်မှုနှင့် အချစ်တု လိမ်လည်မှု (Romance Fraud) များကို လုပ်ဆောင်ရန် အဓမ္မစေခိုင်းခံခဲ့ရသည်။ ထို့နောက် ယခုနှစ် ဇန်နဝါရီလအတွင်း မြန်မာအာဏာပိုင်များ၏ စစ်ဆင်ရေးတစ်ခုတွင် ၎င်းတို့ကို ကယ်ထုတ်နိုင်ခဲ့ပြီး အိန္ဒိယသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

◾️ ကိုယ်ပိုင်ထောင်တဲ့ ကျားဖြန့်ဂိုဏ်း
၎င်းတို့သည် အိန္ဒိယသို့ ပြန်ရောက်သောအခါ ကျားဖြန့်လောကမှ နုတ်ထွက်ရမည့်အစား မြန်မာနိုင်ငံတွင် သင်ယူခဲ့ရသော နည်းပညာများကို အသုံးချကာ ကိုယ်ပိုင်ငွေလိမ်ဂိုဏ်းဖွဲ့ကာ လိမ်လည်မှုပြုခဲ့ကြသည်။ ပင်ပရီ ချင်ချ်ဝပ် (Pimpri Chinchwad) ရဲတပ်ဖွဲ့သည် ဖေဖော်ဝါရီလအတွင်းက လုပ်ငန်းရှင်တစ်ဦးထံမှ ရူပီး ၂ ဒသမ ၁ ကုဋေ လိမ်လည်ခံရသည့်အမှုကို စုံစမ်းရာမှ ၎င်းတို့ ခြေရာခံမိခဲ့ခြင်းဖြစ်သည်။
၎င်းတို့အခြေစိုက်ရာနေရာကို ရှာဖွေရာတွင် ငွေကြေးခဝါချရန် အသုံးပြုသည့် ကြားခံအကောင့် (Mule Account) ၂၄ ခုခန့်၏ ဘဏ်စာအုပ်များ၊ ချက်လက်မှတ်များ၊ ဒတ်ဘစ်ကတ်များ၊ ဆင်းမ်ကတ်များ၊ လက်ကိုင်ဖုန်းများနှင့် တံဆိပ်တုံး ၁၂ ခုတို့ကို သိမ်းဆည်းရမိခဲ့သည်။ အဆိုပါ ဘဏ်အကောင့်များကို စစ်ဆေးကြည့်ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြစ်မှုပေါင်း ၁၂၀ ခန့်တွင် အသုံးပြုထားပြီး ရူပီး ၂ ကုဋေမှ ၁၈ ကုဋေအထိ လွှဲပြောင်းမှုများ ရှိခဲ့ကြောင်း တွေ့ရှိရသည်။
◾️ ရဲတပ်ဖွဲ့၏ မှတ်ချက်
ရဲမင်းကြီး ဗီနွိုင်း ကူးမား ချောင်ဘေး (Vinoy Kumar Choubey) က “ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုအရ စနစ်တကျ ဖွဲ့စည်းထားတဲ့ ကျားဖြန့်ကွန်ရက်တွေဟာ အိန္ဒိယလူငယ်တွေကို အမြတ်ထုတ်ရုံတင်မကဘဲ အဲဒီလို ရာဇဝတ်မှုမျိုးတွေကို ကိုယ့်နိုင်ငံထဲမှာ ပြန်လည်ပွားယူနိုင်တဲ့ လေ့ကျင့်သားရပြီးသား လူသားအရင်းအမြစ်တွေကိုလည်း ဖန်တီးပေးနေသလို ဖြစ်နေပါတယ်” ဟု ပြောကြားခဲ့သည်။
၎င်းတို့ သုံးဦးသည် ငွေလိမ်မှုမှ ရရှိသော ငွေများဖြင့် မွမ်ဘိုင်းအနီးရှိ ကာဂျတ် (Karjat) ဒေသတွင် ခြံဝန်းတစ်ခုဝယ်ယူကာ အကြီးစား ကျားဖြန့်ငွေလိမ်စင်တာတစ်ခု ဖွင့်လှစ်ရန် စီမံကိန်း ရေးဆွဲနေစဉ်မှာပင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ လက်ရှိတွင် ၎င်းတို့ကို တရားရုံးက ချုပ်မိန့်ပေးထားပြီး အကျဉ်းထောင်တွင် ဆက်လက်ထိန်းသိမ်းထားကြောင်း သိရသည်။
Ref : Opindia.
