သက်တံ့
၁၆. ၁၁. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဖူးခက်ခရိုင်၊ ကသုမြို့နယ်၊ ပါတောင် (Patong) မြို့ရှိ ဆိုင်ကယ်အငှားဆိုင်တစ်ဆိုင်တွင် ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အပေါ်ထပ်အငှားခန်းများအတွင်း မီးခိုးလုံးကြီးများ ပြည့်နှက်သွားပြီး ဘေးချင်းကပ်လျက် တိုက်ခန်းများသို့ပါ မီးကူးစက်လောင်ကျွမ်းခဲ့သဖြင့် လူ ၁၁ ဦး သေဆုံးခဲ့သည်။
အဆောက်အအုံအပြင်ဘက်ရှိ ဓာတ်တိုင်တစ်တိုင်မှ ဝါယာရှော့ခ်ဖြစ်ပွားခဲ့ခြင်းမှ စတင်ခဲ့ခြင်း ဟုတ်၊ မဟုတ်ကို ရဲတပ်ဖွဲ့နှင့် မှုခင်းဆိုင်ရာ အရာရှိများက စစ်ဆေးလျက်ရှိသော်လည်း မီးလောင်ရသည့် အကြောင်းရင်းအတိအကျကိုမူ အတည်မပြုနိုင်သေးပေ။

ပါတောင်မြို့၊ ဖန်မောင်းဆိုင်းကော်လမ်း (Phang Muang Sai Kor Road) တွင် ဒေသစံတော်ချိန် ယနေ့နံနက် ၃ နာရီ ၁၅ မိနစ်ခန့်က မီးလောင်ကြောင်း အကြောင်းကြားချက် ရရှိခဲ့ပြီးနောက် မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ ၅ မိနစ်ခန့်အတွင်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့ကြောင်း ပါတောင်မြူနီစီပယ် မီးသတ်တပ်ဖွဲ့ဝင်များက ပြောကြားသည်။
အခင်းဖြစ်စဉ်ကို မီးသတ်ကား ၆ စီးဖြင့် ငြှိမ်းသတ်ခဲ့ရာ ၁ နာရီခန့်အကြာတွင် မီးထိန်းနိုင်ခဲ့ပြီး Kusoldharm Phuket ဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေးလုပ်အားပေးများက အဆောက်အအုံအတွင်းရှိ လူများကို ကူညီကယ်ထုတ်ပေးခဲ့ကြသည်။
ပါတောင် ဒုတိယမြို့တော်ဝန် ဆာနာကွန် ကီဆင် (Sanakorn Keesin) က မီးလောင်မှုမှ လွတ်မြောက်ရန် အပေါ်သို့ တက်ပြေးကြရင်း မီးခိုးမွှန်သွားခဲ့ကြသည့် နေထိုင်သူများထဲမှ တတိယထပ်တွင် အလောင်း ၁ လောင်းနှင့် ပဉ္စမထပ်တွင် အလောင်း ၁၀ လောင်း တွေ့ရှိခဲ့ကြောင်း ပြောကြားသည်။ သေဆုံးသူအများစုမှာ မီးခိုးမွှန်၍ အသက်ရှူကျပ် သေဆုံးခဲ့ခြင်းဖြစ်ပုံရကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် လူ ၁၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၁၅ ဦးမှာ ထိုင်းနိုင်ငံသားများဖြစ်ကာ ၁ ဦးမှာ မြန်မာနိုင်ငံသားဖြစ်ကြောင်းနှင့် သေဆုံး၊ ဒဏ်ရာရသူများထဲတွင် ကမ္ဘာလှည့်ခရီးသွားများ မပါဝင်ကြောင်း ရဲတပ်ဖွဲ့က ရိုက်တာ (Reuters) သတင်းဌာနသို့ ပြောကြားသည်။

အဆောက်အအုံ၏ မြေညီထပ်တွင် ဆိုင်ကယ်အငှားလုပ်ငန်း ဖွင့်လှစ်ထားပြီး အတွင်း၌ ဆိုင်ကယ်အစီးရေ ၁၀၀ ကျော် ရပ်နားထားကာ အပေါ်ထပ်များကိုမူ လူနေအခန်းများအဖြစ် ငှားရမ်းထားခြင်းဖြစ်သည်။ အဆောက်အအုံမှာ ၆ ထပ်မြင့်ပြီး မီးလောင်ပျက်စီးသွားသည့် တိုက်ခန်းအရေအတွက်မှာ ၃ ခန်းမှ ၅ ခန်းကြား ရှိနိုင်ကြောင်း သတင်းများက ဖော်ပြသည်။
ဖြစ်စဉ်မှာ မိုးရွာနေစဉ် အဆောက်အအုံရှေ့ရှိ ဓာတ်တိုင်မှ ဝါယာရှော့ခ်ဖြစ်ကာ မီးပွားများက ရပ်ထားသည့် ဆိုင်ကယ်များပေါ်သို့ လွင့်စဉ်ကျရောက်ရာမှ ဆိုင်ကယ်ဆီများ၊ တာယာများနှင့် ပလတ်စတစ် အစိတ်အပိုင်းများကို မီးစွဲလောင်ပြီး မီးခိုးလုံးကြီးများ ထွက်ပေါ်လာခြင်းဖြစ်နိုင်ကြောင်း ကနဦး သံသယရှိသည်ဟု ဆာနာကွန်က ပြောသည်။
ပါတောင်ရဲတပ်ဖွဲ့သည် မှုခင်းဆိုင်ရာ အရာရှိများနှင့် ပူးပေါင်း၍ မီးလောင်ရသည့် အကြောင်းရင်းအမှန်ကို စုံစမ်းဖော်ထုတ်နေပြီး မြူနီစီပယ်ဝန်ထမ်းများနှင့် ဖောင်ဒေးရှင်းလုပ်အားပေးများကလည်း ပျက်စီးသွားသော အဆောက်အအုံများအတွင်း ရှာဖွေမှုများနှင့် ဘေးကင်းလုံခြုံရေး စစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေသည်။
ဖူးခက်ခရိုင် အုပ်ချုပ်ရေးမှူး ချိုတီနာရင် ကတ်ဆွမ် (Chotinarin Kedsom) သည် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ပြီး အဆောက်အအုံအတွင်း ပိတ်မိကျန်ရစ်သူ ရှိ၊ မရှိ အပြည့်အစုံ ရှာဖွေရန် ညွှန်ကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပနေသည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်နေသော ထိုင်းဝန်ကြီးချုပ် အနုထင် ချာဝီရကွန် (Anutin Charnvirakul) ကလည်း ခရိုင်အုပ်ချုပ်ရေးမှူးထံ ဖုန်းဆက်၍ မီးလောင်ရသည့် အကြောင်းရင်းကို အမြန်ဆုံး စုံစမ်းစစ်ဆေးရန်နှင့် ချို့ယွင်းချက် သို့မဟုတ် ဘေးကင်းလုံခြုံရေးဆိုင်ရာ စည်းကမ်းချိုးဖောက်မှုများ တွေ့ရှိပါက ဥပဒေအရ အရေးယူရန် သက်ဆိုင်ရာဌာနများကို ညွှန်ကြားခဲ့သည်။
Ref: The Thaiger
