◾ အမေရိကန်တွင်လည်း ဒေါ်လာ ၁၈ ဘီလီယံခန့် လျော်ကြေးပေးထားရပြီးနောက် အီတလီကပါ ဒဏ်ရိုက်လာခြင်းဖြစ်
သက်တံ့
၁၆. ၁၁. ၂၀၂၆
အီတလီနိုင်ငံမှ Android ဖုန်း သုံးစွဲသူများ၏ ဖုန်းပြခန်း (Gallery) ရှိ ဓာတ်ပုံနှင့် ဗီဒီယိုများကို တိကျသည့် သဘောတူညီချက်မရှိဘဲ ရယူ အသုံးပြုခဲ့ခြင်းကြောင့် Facebook ၏ မိခင်ကုမ္ပဏီ Meta ကို ဒေါ်လာ ၈၈၇ သန်း (ယူရို ၈၀၅ သန်း) ဒဏ်ငွေချမှတ်လိုက်ကြောင်း အီတလီနိုင်ငံက ကြေညာခဲ့သည်။
◾ ပုံသေဖွင့်ထားသည့် အင်္ဂါရပ်ကြောင့် ဥပဒေချိုးဖောက်မှု ဖြစ်ပွား
Meta ၏ အိုင်ယာလန် လက်အောက်ခံကုမ္ပဏီခွဲ Meta Platforms Ireland Limited ကို အမည်တပ်ဖော်ပြထားသည့် အီတလီ အချက်အလက်ကာကွယ်ရေး အာဏာပိုင်အဖွဲ့၏ စနေနေ့ (နိုဝင်ဘာ ၁၄ ရက်) ထုတ်ပြန်ချက်အရ Facebook သည် “ကြည့်ရှုနေစဉ် ပြခန်းမှ အကြံပြုချက်များ ရယူပါ” (“Get suggestions from gallery when browsing”) ဟူသည့် အင်္ဂါရပ်ကို ပုံသေ (Default) အနေဖြင့် ဖွင့်ထားခဲ့ပြီး သုံးစွဲသူများ၏ ကိုယ်ပိုင်ဓာတ်ပုံမှတ်တမ်းများသို့ ဝင်ရောက်ခွင့်ကို ခွင့်ပြုချက်အသိပေးစာ တစ်ခုတည်းဖြင့်သာ တောင်းခံခဲ့ကြောင်း စုံစမ်းစစ်ဆေးသူများက တွေ့ရှိခဲ့သည်။
ထိုကဲ့သို့ ယေဘုယျဆန်သော ခွင့်ပြုချက်တောင်းခံမှု ပုံစံသည် စမတ်ဖုန်းများကို လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင်နယ်မြေအဖြစ် ကာကွယ်ပေးထားပြီး ဝင်ရောက်အသုံးပြုခွင့်အတွက် လွတ်လပ်ပြီး အသိပေးထားသည့် သဘောတူညီချက် လိုအပ်ကြောင်း ပြဋ္ဌာန်းထားသည့် အီတလီဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း အဆိုပါအေဂျင်စီက ပြောကြားခဲ့သည်။ ယင်းဥပဒေသည် ဥရောပသမဂ္ဂ၏ ပိုမိုကျယ်ပြန့်သော “ePrivacy ညွှန်ကြားချက်” (ePrivacy Directive) မှ ဆင်းသက်လာခြင်း ဖြစ်သည်။
အဆိုပါ အင်္ဂါရပ်ကို “ပုံသေအနေဖြင့် ပိတ်ထားရန်” နှင့် သဘောတူညီချက် အသိပေးစာကို ပြင်ဆင်ရာတွင် “ယင်းအင်္ဂါရပ်အတွက် သီးခြားတိကျသော တောင်းဆိုမှုတစ်ခု ထည့်သွင်းရန်၊ ၎င်းကို မည်သည့်အတွက် အသုံးပြုသည်၊ ဖုန်းပြခန်းသို့ ဝင်ရောက်ခွင့် ပါဝင်နေသည်နှင့် မည်သို့ပြန်ပိတ်ရမည်ကို သုံးစွဲသူများအား ရှင်းလင်းစွာ ရှင်းပြပေးရန်” Meta ကို ရက်ပေါင်း ၆၀ အချိန်ပေးခဲ့သည်။ အီတလီနိုင်ငံတွင် Android သုံးစွဲသူ ခန့်မှန်းခြေ သန်း ၂၀ ခန့်ရှိကြောင်း အဆိုပါ အေဂျင်စီက ပြောကြားခဲ့သည်။
Meta ဘက်မှ ယင်းကိစ္စနှင့် ပတ်သက်၍ ချက်ချင်းလက်ငင်း မှတ်ချက်ပေးခြင်း မရှိသေးပေ။
◾ အမေရိကန်တွင်လည်း ဒေါ်လာ ၁၈ ဘီလီယံခန့် လျော်ကြေးပေးခဲ့ရ
Meta ကုမ္ပဏီသည် ၎င်း၏ လူမှုကွန်ရက်ပလက်ဖောင်းများကို ကလေးသူငယ်များ အသုံးပြုမှုနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စုတွင် တရားရေးဆိုင်ရာ အမှုအခင်းများစွာ ရင်ဆိုင်နေရချိန်၌ ယခုဒဏ်ငွေ ချမှတ်ခံရခြင်း ဖြစ်သည်။ ယင်းအမှုအများစုမှာ စွဲလမ်းစေတတ်သည့် သဘာဝများကြောင့် ငယ်ရွယ်သော သုံးစွဲသူများအတွက် အန္တရာယ်ရှိသည်ဟု စွပ်စွဲထားကြခြင်း ဖြစ်သည်။
ဩဂုတ်လအတွင်းက အရွယ်မရောက်သေးသူများ လူမှုကွန်ရက်ကို စွဲလမ်းနေစေရန် အင်္ဂါရပ်များ ဒီဇိုင်းဆွဲဖန်တီးခဲ့ပြီး ပလက်ဖောင်းများ၏ ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်၍ မိဘများကို လှည့်ဖြားခဲ့သည်ဟု စွပ်စွဲကာ Meta ကို တရားစွဲဆိုထားသည့် ပြည်နယ် ၂၉ ခု ညွန့်ပေါင်းအဖွဲ့၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကယ်လီဖိုးနီးယား၊ ကော်လိုရာဒို၊ ကင်တပ်ကီနှင့် နယူးဂျာစီ ပြည်နယ်တို့သည် လူသိများထင်ရှားသော တရားခွင်စစ်ဆေးမှုတစ်ခုတွင် Meta နှင့် ရင်ဆိုင်ခဲ့ကြသည်။ ထိုလနှောင်းပိုင်းတွင် အဆိုပါပြည်နယ်များသည် နည်းပညာကုမ္ပဏီကြီးနှင့် ဒေါ်လာ ၁၇ ဘီလီယံဖြင့် ကျေအေးညှိနှိုင်းမှု ရရှိခဲ့သည်။
ထိုလအတွင်းမှာပင် Meta သည် အလားတူ စွပ်စွဲချက်များကြောင့် တက္ကဆက်ပြည်နယ်ကို ဒေါ်လာ ၁ ဘီလီယံကျော် သီးခြားပေးလျော်ခဲ့ရသဖြင့် ကုမ္ပဏီ၏ စုစုပေါင်း ပေးလျော်ငွေပမာဏမှာ ဒေါ်လာ ၁၈ ဘီလီယံခန့်အထိ ရှိလာခဲ့သည်။
◾ AI နှင့် နည်းပညာကဏ္ဍအပေါ် စည်းမျဉ်းတင်းကျပ်လာနိုင်ခြေမြင့်တက်လာ
နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲများ၌ ဒီမိုကရက်တစ်ပါတီက အံ့အားသင့်ဖွယ် အောင်ပွဲများ ရရှိခဲ့သည့် “အပြာရောင်လှိုင်းလုံး” (Blue wave) နောက်ပိုင်းတွင် လွှတ်တော်သစ်အနေဖြင့် နည်းပညာလုပ်ငန်းကဏ္ဍအပေါ် ပိုမိုတင်းကျပ်သော စည်းမျဉ်းစည်းကမ်းများ ချမှတ်မှုကို ထောက်ခံလာမည်ဟု AI ဘေးကင်းလုံခြုံရေး လှုပ်ရှားသူများက မျှော်လင့်နေကြသည်။
ရွေးကောက်ခံ အထက်လွှတ်တော်အမတ် အဗ္ဗဒူလ် အယ်လ်ဆာယက် (ဒီမိုကရက်-မီရှီဂန်) အပြင် ရွေးကောက်ခံ အောက်လွှတ်တော်အမတ်များ ဖြစ်ကြသည့် မန်နီ ရူတီနယ် (ကော်လိုရာဒို)၊ မိုက်ကာ လက်ရှာ (နယူးယောက်) နှင့် အခြားသူများကဲ့သို့သော လွှတ်တော်အမတ်သစ် အများအပြားသည် AI ထိန်းကျောင်းမှုဆိုင်ရာ စည်းမျဉ်းများကို ထောက်ခံသည့် မှတ်တမ်းများ ရှိထားကြသဖြင့် အဆိုပါ ထွန်းသစ်စနည်းပညာသည် ဒီမိုကရက်များ ဦးဆောင်သည့် လွှတ်တော်နှစ်ရပ်စလုံး၏ အနီးကပ် စောင့်ကြည့်စစ်ဆေးမှုအောက်သို့ ရောက်ရှိလာဖွယ် ရှိနေသည်။
Ref: The Hill & AP
