


၁၂.၅.၂၀၂၆
Written by Linn Eain
ပဲခူးတိုင်းဒေသကြီးတွင် ရက်(၁၀၀) စီမံချက်ဖြင့် ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေး ပေးအပ်ပွဲကို ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ယနေ့ မေ ၁၂ ရက်၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး တောင်သူ ၇၈၉၃၅ ဦးကို စိုက်ပျိုးစရိတ်ချေးငွေကျပ် ၁၆၇ ဘီလျံခန့် ထုတ်ချေးပေးအပ်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍရေးနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို တောင်သူ ပေါင်း (၁၇၁၇၁၄) ဦး၊ စိုက်ဧက (၁၀၇၉၅၄၉) ဧက၊ ချေးငွေကျပ် (၃၂၃.၅၃၅) ဘီလျံ ထုတ်ချေးရန်လျာထားသည့်အနက် ရက် (၁၀၀) စီမံချက်အနေဖြင့် တောင်သူပေါင်း (၇၈၉၃၅) ဦး၊ စိုက်ဧက (၅၅၈၈၉၆) ဧကအတွက် ချေးငွေကျပ်(၁၆၇.၆၆၈) ဘီလျံအား ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးပေးအပ်ပွဲကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ၊ မြန်မာ့အာမခံလုပ်ငန်း တိုင်းဒေသကြီး တာဝန်ခံနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ထောင်စုအစိုးအရအဖွဲ့၏ ရက်ပေါင်း ၁၀၀ စီမံကိန်း ကာလအတွင်း လယ်ယာကဏ္ဍအတွက် ရလဒ်ကောင်း Quick Win ရရှိစေမည့် အစီစဉ်အအဖြစ် ၂၀၂၆ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေနှင့် လယ်ယာ သုံးစက်ကိရိယာချေးငွေများအား တိုးမြှင့်ထုတ်ချေးပေးသွားမှာဖြစ်ကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေများအပြင် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရေးအတွက် လယ်ယာသုံးစက်ကိရိယာ ချေးငွေများကို စဉ်ဆက်မပြတ် ထုတ်ချေးပေးသွားမည် ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပဲခူး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား သက်ဆိုင်ရာတောင်သူများထံ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
