





သက်တံ့
၁၂. ၅. ၂၀၂၆
ထိုင်းရဲတပ်ဖွဲ့နှင့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး အာဏာပိုင်များသည် နိုင်ငံတစ်ဝန်း နိုင်ငံဖြတ်ကျော် ဆင်စွယ်မှောင်ခို ကွန်ရက်တစ်ခုကို ဖြိုခွင်းခဲ့ရာတွင် သံသယရှိသူ ၉ ဦးကို ဖမ်းဆီးခဲ့ပြီး ဘတ်ငွေ ၁၀ သန်းနီးပါး တန်ဖိုးရှိသော တရားမဝင် ဆင်စွယ်ပစ္စည်း ၂၅၀ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့သည်။
“Operation Broken Ivory” ဟု အမည်ပေးထားသည့် အဆိုပါ စစ်ဆင်ရေးသည် အာဖရိကဆင်စွယ်များနှင့် ရေဝက် (Dugong) အစွယ်များကို ရောင်းဝယ်ရာတွင် အသုံးပြုသည်ဟု ယူဆရသော လျှို့ဝှက် Facebook အုပ်စုများကို ပစ်မှတ်ထား ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ၎င်းကွန်ရက်သည် တစ်နှစ်ခန့် လည်ပတ်နေပြီဖြစ်ပြီး ဘတ်ငွေ ၁၀ သန်းဝန်းကျင် လည်ပတ်မှုရှိကြောင်း စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့သည်။
အာဏာပိုင်များသည် မေလ ၇ ရက်နေ့က စမွတ်စခွန် (Samut Sakhon)၊ ဆောင်ခလာ (Songkhla) နှင့် ချွန်ဘူရီ (Chon Buri) အပါအဝင် ပြည်နယ် ၇ ခုရှိ နေရာ ၁၁ ခုကို ဝင်ရောက်စီးနင်းခဲ့သည်။ ထိုဆင်စွယ်များကို အာဖရိကမှ ဗီယက်နမ်သို့ ပို့ဆောင်ပြီးနောက် မဲခေါင်မြစ်တစ်လျှောက် မှောင်ခိုလမ်းများမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်တင်သွင်းလာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
သိမ်းဆည်းရမိသော ပစ္စည်းများထဲတွင် ဆင်စွယ်အကြမ်းများ၊ ဆင်စွယ်ပုတီးများ၊ အဆောင်လက်ဖွဲ့များ၊ ဆင်စွယ်လက်ကိုင်ပါသော ဓားများနှင့် ဆင်စွယ်ပြုပြင်သည့် ကိရိယာများ ပါဝင်သည်။ ဆင်စွယ်အကြမ်း သက်သက်ကပင် ဘတ်ငွေ ၇ သန်းခွဲ တန်ကြေးရှိမည်ဟု အရာရှိများက ခန့်မှန်းထားသည်။
သံသယရှိသူ ၉ ဦးစလုံးက စစ်ဆေးမေးမြန်းချိန်တွင် ဝန်ခံခဲ့ကြသဖြင့် စုံစမ်းစစ်ဆေးသူများက ဗီယက်နမ်ဘက်မှ တင်သွင်းသူများနှင့် အခြားသော မှောင်ခိုလမ်းကြောင်းများနှင့် ဆက်စပ်သူများကို ဖော်ထုတ်ရန် စုံစမ်းစစ်ဆေးမှုများ တိုးချဲ့လုပ်ဆောင်လျက်ရှိသည်။
ထိုင်းနိုင်ငံတွင် ၂၀၁၅ ခုနှစ် ဆင်စွယ်အက်ဥပဒေ (Ivory Act) အရ အိမ်မွေးဆင်များမှ တရားဝင်ရရှိသော ဆင်စွယ်များကိုသာ ရောင်းဝယ်ခွင့်ပြုထားပြီး အာဖရိကဆင်စွယ်များကို နိုင်ငံအတွင်း ပိုင်ဆိုင်ခွင့်မှာ တရားမဝင်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
Ref: Thai Enquirer
