သက်တံ့
၁၂. ၅. ၂၀၂၆
ပျူခေတ် ငွေဒင်္ဂါးပြားများစွာ စုဆောင်းထားသည့် အမျိုးသားတစ်ဦးက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ လာရောက်အပ်နှံခဲ့ရာ အဆိုပါ ဒင်္ဂါးပြားများမှာ ပျူခေတ်ကုန်သွယ်မှု၊ ကြွယ်ဝမှုတို့ကို ပြသနိုင်သည့် ရှားပါးပျူဒင်္ဂါးများဖြစ်သဖြင့် ဆုကြေးချီးမြှင့်ရန် စီစဥ်နေသည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (နေပြည်တော်) မှ သတင်းရရှိသည်။
ပြီးခဲ့သည့် မေလ ၅ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၈ လမ်း ၁၂၅ X ၁၂၆ ကြား (စ)ဈေးတွင်နေထိုင်သော ဦးဝင်းကိုကိုမောင်သည် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန၊ တူးဖော်၊ ရှေးပစ္စည်း ကမ္ပည်းကျောက်စာဌာနခွဲသို့ ၎င်းစုဆောင်းရရှိခဲ့သည့် ငွေဒင်္ဂါးပြား (၃၃၃) ပြား လာရောက်အပ်နှံခဲ့သည်။ အဆိုပါ ငွေဒင်္ဂါးပြား (၃၃၃) ပြားအား စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးခဲ့ရာ ပျူခေတ်ငွေဒင်္ဂါးများဖြစ်ကြောင်း၊ ဒင်္ဂါး၏တစ်ဖက်တွင် နေဝန်းအပြည့် အမှတ်တံဆိပ်နှင့် အခြားတစ်ဖက်တွင် သီရိဝစ္ဆအမှတ်တံဆိပ်ပါရှိကြောင်း၊ ပျူခေတ်ဒင်္ဂါးများတွင် ရှားပါးသောအမျိုးအစားဖြစ်ကြောင်း၊ ပျူခေတ်ကုန်သွယ်မှု၊ ချမ်းသာကြွယ်ဝမှုကိုပြသနိုင်ခြင်းနှင့် ပျူခေတ် ငွေကြေးစနစ်တို့အတွက် အထောက်အထားကောင်းများဖြစ်၍ ဆုကြေးငွေပေးကာ စုဆောင်းသင့်ပါကြောင်း သုံးသပ်ကြပါသဖြင့် ဆုကြေးငွေများ ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အနေဖြင့် ပြည်သူများက ရှေးဟောင်း ဝတ္ထုပစ္စည်းများ လာရောက်အပ်နှံပါက အပ်သည့်ပစ္စည်း၏ မူလတန်ဖိုးအပြင် ခေတ်ကာလဆုကြေး၊ ခေတ်လက်ရာဆုကြေး၊ ရှားပါး၍ တန်ဖိုးမြင့်သည့်ပစ္စည်းဖြစ်ပါက ထပ်ဆောင်းတန်ဖိုးကိုပါတွက်ချက်၍ ဆုကြေးငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်လျှက်ရှိသလို အပ်နှံခြင်းနှင့် လှူဒါန်းခြင်းတို့ဖြင့် စုဆောင်းရရှိသည့် ရှေးဟောင်းဝတ္ထုပစ္စည်းများကိုလည်း ဦးစီးဌာန လက်အောက်ရှိ ဌာနခွဲ၊ ဌာနစု၊ ပြတိုက်များမှ စနစ်တကျ တိုက်ပိုင်စာရင်းရေးသွင်း၍ ထိန်းသိမ်းပြသထားရှိသည်ဟု သိရသည်။


