၁၂.၅.၂၀၂၆
Written by Linn Eain
အလုပ်သမားဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက်အတွင်း ခွင့်ပြန်အလုပ်သမားများ၏ OWIC ကတ်လျှောက်ထားမှုအနက် စိစစ်ပြီးသူ အလုပ်သမား ၆၀၀ ကျော်ကို ၁၂ ရက်အတွင်း ပြုလုပ်ပေးမည်ဖြစ်ပြီး ထပ်မံလျှောက်ထားလာမှုများကို အမြန်ဆုံးစိစစ်သွားမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက မေ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ခွင့်ဖြင့်ပြန်လည်ဝင်ရောက်လာပြီး ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ပြုလုပ်ခွင့် လျှောက်ထားလာမှုများအပေါ် သက်ဆိုင်ရာကုမ္ပဏီ/အလုပ်ရှင်များတွင် အမှန်တကယ်အလုပ်လုပ်ကိုင်နေခြင်း ဟုတ်/မဟုတ်၊ ခွင့်ဖြင့် ပြန်လည်ဝင်ရောက်လာခြင်း မှန်/မမှန် စိစစ်ခဲ့ရာ မေ ၈ ရက်အထိ လက်ခံရရှိသော လျှောက်ထားမှုများမှ အလုပ်သမား ၆ဝ၆ ဦးကို စိစစ်ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ စိစစ်ပြီးစီးသည့် အလုပ်သမား ၆၀၆ ဦးကို မေ ၁၁ ရက်မှ မေ ၁၂ ရက်အတွင်း OWIC ကတ်များ ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ထို့ပြင် ခွင့်ပြန်အလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးမှုမရှိစေရေးအတွက် OWIC အသစ်ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်းနှင့် OWIC ပါအချက်အလက်များ တူညီမှုမရှိ၍ ကတ်လဲလှယ်ခြင်းများအတွက် ထပ်မံလျှောက်ထားလာမှုများကိုလည်း အမြန်ဆုံးစိစစ်ပြီး အထောက်အထား ပြည့်စုံမှန်ကန်ပါက (ရုံးပိတ်ရက်မပါ) ရက်သတ္တပတ်အတွင်း OWIC ပြုလုပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (OWIC) ပြုလုပ်ခွင့်ရရှိသူ အမည်စာရင်းများကို Safe Migration (Facebook, Telegram, TikTok) တို့တွင် ဖော်ပြသွားမည်ဖြစ်သည်။
ထို့ပြင် သတ်မှတ်ရက်များတွင် OWIC ကတ်ပြုလုပ်ပြီးသော ခွင့်ပြန်အလုပ်သမားများသည် မိမိထွက်ခွာလိုသည့်နေ့ရက်အား သတ်မှတ်စာရွက်စာတမ်းများနှင့်အတူ လေယာဉ်လက်မှတ်ပူးတွဲလျက် ပြည်ပထွက်ခွာခွင့်များကို ပြန်လည်တင်ပြလျှောက်ထားလာပါက ထွက်ခွာရက်အမီ စိစစ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ကြေညာထားကြောင်း သိရသည်။
ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် PJ စာအုပ်ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားများ ခွင့်ဖြင့် မြန်မာနိုင်ငံသို ပြန်လည်ဝင်ရောက်ရာတွင် ဆောင်ရွက်ရမည့်အချက်များကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက မေ ၅ ရက်တွင် အသိပေးကြေညာချက် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
အဆိုပါထုတ်ပြန်ချက်တွင် မေလ (၁) ရက်မှစတင်၍ မြန်မာနိုင်ငံသို ခွင့်ဖြင့် ပြန်လည်ဝင်ရောက်မည့် အလုပ်သမားများသည် အလုပ်ရှင်ထံမှခွင့်စာ (Letter of Permission for Leave) နှင့် သက်ဆိုင်ရာ မြန်မာသံရုံး၊ အဖွဲရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတိုမှ မှန်ကန်ကြောင်း စိစစ်ထောက်ခံချက်ရယူပြီး သတ်မှတ်စာရွက်စာတမ်းများနှင့်အတူ သက်ဆိုင်ရာမှ ထုတ်ပေးသော ထောက်ခံချက်ပူးတွဲ၍ ပြည်ပသို့ ပြန်လည်ထွက်ခွာခွင့် တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
ထိုသို့ တင်ပြရာတွင် မေလ (၁) ရက်မတိုင်မီကာလအတွင်း မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေကြသည့် အလုပ်သမားများတွင် ခွင့်ကာလ (၁) လအထက်ကျော်သူများ၊ OWIC တွင် ဖော်ပြထားသော နိုင်ငံနှင့် လုပ်ငန်းခွင်ကွဲလွဲသူများသည် ခွင့်ကာလတစ်လကျော်ယူရသည့် အကြောင်းပြချက်နှင့် အထောက်အထားခိုင်လုံစွာဖြင့် တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသားများ အလုပ်သွားရောက်လုပ်ကိုင်နေသော နိုင်ငံအများစုတွင် သတ်မှတ်ထားသော ခွင့်အမျိုးအစားများအနက် မီးဖွားခွင့်၊ မိသားစုစောင့်ရှောက်ခွင့်၊ နာမကျန်းခွင့် စသည်တို့မှအပ နှစ်ပတ်လည်ခွင့်အပါအဝင် သာမန်ခွင့်များကို အများဆုံး တစ်လသာ ခွင့်ပြုထားသည်ဟု သိရှိထားရသဖြင့် အမှန်တကယ် ခွင့်တင်ပြရယူထားသော ခွင့်ပြန် အလုပ်သမားဖြစ်ကြောင်း သေချာစေရန် စိစစ်ရခြင်းဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။
