၁၂.၅.၂၀၂၆
Translated by Htwe Ko Tun
အင်ဒိုနီးရှားမှလို့ ယူဆရတဲ့ အထောက်အထားမဲ့ရွှေ့ပြောင်းနေတိုင်သူ ၃၇ ဦးတင်ဆောင်လာတဲ့ စက်လှေတစ်စင်းဟာ မလေးရှားနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းရှိ ပန်ကောကျွန်းကမ်းလွန်ပင်လယ်ပြင်မှာ မေလ ၁၁ ရက်က နစ်မြုပ်ခဲ့တာမှာ လူ ၁၄ ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ မလေးရှားရေကြောင်းအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ပီရက်ပြည်နယ်ရှိ မလေးရှားရေကြောင်းထိန်းသိမ်းရေးအေဂျင်စီ (MMEA) က ပင်လယ်ထဲမှာ အသက်ရှင်မျောပါနေသူတွေကို တွေ့ခဲ့တဲ့ ဒေသခံ တံငါသည်တစ်ဦးက မေလ ၁၁ ရက် အစောပိုင်းမှာ လာရောက်အကြောင်းကြားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ပီရက်ပြည်နယ် MMEA ညွှန်ကြားရေးမှူး မိုဟာမက် ရှုခရီ ခိုတော့ဘ်က “ကနဦးစုံစမ်းစစ်ဆေးမှုတွေအရ လှေပေါ် မှာ ရွှေ့ပြောင်းနေထိုင်သူ စုစုပေါင်း ၃၇ ဦး လိုက်ပါလာတယ်လို့ သိရပါတယ်။ ခုချိန်ထိတော့ ၂၃ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ၁၄ ဦးပျောက်ဆုံးနေပါတယ်။ ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေပါတယ်” လို့ မေလ ၁၁ ရက် ညနှောင်းပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တစ်စောင်မှာ ပြောကြားခဲ့ပါတယ်။
မိုဟာမက်ရှုခရီက “ကနဦးစုံစမ်းစစ်ဆေးမှုတွေအရတော့ သူတို့(ရွှေ့ပြောင်းနေထိုင်သူတွေ) လိုက်ပါလာတဲ့ စက်လှေက မေလ ၉ ရက်မှာ အင်ဒိုနီးရှားနိုင်ငံ၊ ကီဆာရန်မြို့ မှ ထွက်ခွာလာပြီး ပီနန်၊ တီရန်ဂါနူး၊ ဆီလန်ဂေါနဲ့ ကွာလာလမ်ပူ အပါအဝင် မလေးရှားနိုင်ငံတွင်းနေရာတော်တော်များများကို ဦးတည်ဖြတ် သန်းလာခဲ့တာလို့ တွေ့ရတယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့အတွက် အေဂျင်စီက လှေ၊ ရဟတ်ယာဉ်နဲ့ စောင့်ကြည့်ရေးလေယာဉ်တွေကို စေလွှတ်ထားတယ်လို့ သူက ပြောခဲ့ပါသေးတယ်။ ကယ်ဆယ်ရရှိသူတွေကိုတော့ နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့အတွက် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
နှိုင်းယှဉ်ကြည့်ရင် ချမ်းသာကြွယ်ဝတယ်ဆိုရမယ့် မလေးရှားနိုင်ငံဟာ အာရှတိုက်ရဲ့ ဆင်းရဲသောဒေသတွေက ရွှေ့ပြောင်းနေထိုင်သူ သန်းပေါင်းများစွာ လာရောက်နေထိုင်ရာဖြစ်ပြီး သူတို့အများစုက ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေးအပါအဝင် လုပ်ငန်းများမှာ ဝင်ရောက်လုပ်ကိုင်နေကြပြီး သူတို့ထဲက အများအပြားက အထောက်အထား စာရွက်စာတမ်းမဲ့တွေလည်းဖြစ်ကြပါတယ်။
ဒါပေမယ့် လူကုန်ကူးမှုဂိုဏ်းတွေက အထောက်အကူပြုဆောင်ရွက်တဲ့ ပိုင်နက်ဖြတ်ကျော်မှုတွေဟာ မကြာခဏ အန္တရာယ်များပြီး စက်လှေတွေ တိမ်းမှောက်လေ့ရှိပါတယ်။
မကြာသေးမီက အသေအပျောက်အများဆုံးဖြစ်ရပ်တွေထဲက တစ်ခုအနေနဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ထိုင်း-မလေးရှားကမ်းရိုးတန်းအနီးမှာ ရွှေ့ပြောင်းနေတိုင်သူတွေရဲ့ စက်လှေတိမ်းမှောက်ပြီး ရွှေ့ပြောင်းနေထိုင်သူ ၃၆ ဦး သေဆုံးခဲ့ရပါသေးတယ်။
Ref- AFP



