သက်တံ့
၁၂. ၅. ၂၀၂၆
သုံးရက်နီးပါး အလုပ်လာမဆင်းတဲ့ မြန်မာလုပ်သားကို လုပ်ဖော်ကိုင်ဘက်က ရဲကိုဖုန်းဆက်ကြည့်ခိုင်းမှ သေဆုံးလျက်သား တွေ့ရှိခဲ့ရမှု တောင်ကိုရီးယားနိုင်ငံမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်က မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ ကသဲကျေးရွာအုပ်စု၊ အောင်သစ်လွင်ကျေးရွာနေ ဦးသိန်းအောင်၊ ဒေါ်နန်းလှဌေးတို့ရဲ့ သားဖြစ်သူ အသက် ၂၆ နှစ်အရွယ် ကိုကောင်းထက် (အသက် ၂၆နှစ်) ဟာ ၂၀၂၆ ခုနှစ် မေလ ၈ ရက် သောကြာနေ့ ည ၁၂ နာရီ အချိန်ခန့်မှာ တောင်ကိုရီးယားနိုင်ငံ ဒဲဂုဒေသကြီးရှိ ဘု့ဂုနေအိမ်မှာ ရုတ်တရက် ကွယ်လွန်ကြောင်း ဒဲဂု ရဲဝန်ထမ်းက ဖုန်းဆက် အကြောင်းကြားလာတာလို့ ကိုရီးယားရောက်မြန်မာလုပ်သားတွေကို ကူညီပေးနေတဲ့ ကိုဇော်မိုးအောင်က လူမှုကွန်ရက်မှာ အသိပေးပါတယ်။
မေလ ၈ ရက်မှာ ကိုကောင်းထက်က စားသောက်ဆိုင်အလုပ်ကို လာမဆင်းတာ သုံးရက်ခန့်ရှိလာလို့ စားသောက်ဆိုင်မှာ အလုပ် အတူလုပ်ကိုင်တဲ့ ကိုရီးယား လင်မယားနှစ်ဦးက ကိုကောင်းထက်ရဲ့ နေအိမ်ကို သွားရောက်စစ်ဆေးပေးဖို့ ရဲစခန်းရှိ ရဲဝန်ထမ်းကို ဖုန်းဆက်အကြောင်းကြားလိုက်တာမှာ ရဲဝန်ထမ်းတွေက ကိုကောင်းထက်ရဲ့ အိမ်ခန်းကို ဝင်ရောက်စစ်ဆေးခဲ့ချိန်မှ အိပ်ရာထဲမှာ သေဆုံးနေတာကို တွေ့ရှိခဲ့ရပါတယ်။
မနေ့က မေလ ၁၁ ရက် တနင်္လာနေ့မှာ ကိုကောင်းထက်ရဲ့ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးကြည့်ရာမှာ ဆေးတွေ သောက်ပြီး မိမိ ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း၊ မေလ ၅ ရက်ခန့်ကတည်းက ဆေးသောက်ပြီး ကွယ်လွန်နေတာဖြစ်နိုင်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသလို ကွယ်လွန်သူ ကိုကောင်းထက် နာရေးအတွက် တတ်နိုင်တဲ့ဘက်က ကူညီပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
