၁၂.၅.၂၀၂၆
Written by Linn Eain
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း (သီရိလင်္ကာနိုင်ငံမြောက်ပိုင်းကမ်းလွန်) တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် မေ ၁၂ ရက်၊ နံနက် ၅ နာရီခွဲ တိုင်းတာချက်အရ ဆက်လက်တည်ရှိနေပြီး ပိုမိုအားကောင်းလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မေ ၁၂ ရက်၊ နံနက် ၇ နာရီထုတ်ပြန်မှုအရ သိရသည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် ၃၆ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရကြောင်း မိုး/ဇလက အသိပေးထုတ်ပြန်ထားသည်။
ထို့ပြင် နံနက် ၆ နာရီခွဲတွင် မိုးလေဝသဂြိုလ်တုမှ ဖမ်းယူရရှိသည့်ပုံအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနေပြီး ကပ္ပလီပင်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်တို့တွင် တိမ်ထူထပ်နေကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနိုင်ရန် မိုး/ဇလက ထုတ်ပြန်ထားသည်။
ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိမ်အသင့်အတင့်နှင့် တိမ်ထူထပ်နေသည်ကို တွေ့ရပြီး မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိကာ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၅ ပေမှ ၇ ပေခန့် ရှိနိုင်ကြောင်း သိရသည်။
