သက်တံ့
၁၂. ၅. ၂၀၂၆
ထိုင်းနိုင်ငံ တောင်ပိုင်းတွင် တည်ရှိသော ကရာဘီပြည်နယ် (Krabi Province) ၏မြို့တော် ကရာဘီတွင် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရသည့် အမျိုးသားတစ်ဦးအား အကျဉ်းထောင်သို့ မပို့ဆောင်မီ ၎င်း၏ဆန္ဒအရ ချစ်သူဖြစ်သူနှင့် လက်ထပ်စာချုပ်ချုပ်ဆိုခွင့်ကို သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးက ခွင့်ပြုပေးခဲ့သည်။
ကရာဘီမြို့နယ်အုပ်ချုပ်ရေး (Mueang Krabi) အရာရှိများ၏ အဆိုအရ “ဒုမ်း ကော့ ကလန်း (Dome Koh Klang)” ဟု လူသိများသည့် အဆိုပါသံသယရှိသူကို ခလောင်ပရာဆောင် (Khlong Prasong) ကျေးရွာအုပ်စုအတွင်းရှိ မူးယစ်ဆေးဝါး အသေးစားရောင်းဝယ်သူများကို ပစ်မှတ်ထားသည့် စစ်ဆင်ရေးတစ်ခုအတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ယင်းထံမှ စိတ်ကြွဆေးပြား ၃၉၉ ပြားကို ရှာဖွေတွေ့ရှိခဲ့သည့်အပြင် စစ်ဆေးချက်များအရ ဖမ်းမိသူမှာ လက်နက်မှုနှင့် ပတ်သက်သည့် ပြစ်မှုဟောင်းအရ ဖမ်းဝရမ်းထုတ်ပြန်ခံထားရသူလည်း ဖြစ်နေကြောင်း သိရှိခဲ့ရသည်။
သံသယရှိသူသည် ကရာဘီမြို့ပေါ်ရှိ အဆောင်တစ်ခုတွင် နေထိုင်သော ချစ်သူအမျိုးသမီးထံသို့ သွားရောက်လည်ပတ်ရန် စီစဉ်ထားကြောင်း စုံစမ်းသိရှိရပြီးနောက် ရဲတပ်ဖွဲ့က ထိုနေရာသို့သွားရောက်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
တရားဥပဒေကြောင်းအရ အရေးယူဆောင်ရွက်နေစဉ်အတွင်း သံသယရှိသူနှင့် ၎င်း၏ချစ်သူဖြစ်သူတို့က အကျဉ်းထောင်သို့ မပို့ဆောင်မီ လက်ထပ်စာချုပ်ချုပ်ဆိုလိုကြောင်း တောင်းဆိုခဲ့ကြသည်။ မြို့နယ်အုပ်ချုပ်ရေးမှူး ပရီချာ ဆာအင်းသွန်း (Preecha Sa-ingthong) က ယင်းတောင်းဆိုချက်ကို ခွင့်ပြုပေးခဲ့ပြီး လက်ထပ်စာချုပ် ချုပ်ဆိုပေးခဲ့သည်။
Thairath သတင်းဌာန၏ ဖော်ပြချက်အရ ချစ်သူအမျိုးသမီးက ၎င်းတို့နှစ်ဦး အတူတကွ ဘဝသစ်မစတင်မီ အမျိုးသားဖြစ်သူ ပြစ်ဒဏ်ကျခံပြီးသည်အထိ စောင့်ဆိုင်းသွားမည်ဟု ကတိပေးခဲ့ကြောင်း သိရသည်။
အုပ်ချုပ်ရေးမှူး ပရီချာက လက်ထပ်စာချုပ်ချုပ်ဆိုပေးသည့် ဗီဒီယိုများကို ၎င်း၏ Facebook အကောင့်တွင် တင်ခဲ့ပြီးနောက် ယခုဖြစ်ရပ်မှာ အွန်လိုင်းတွင် လူပြောများခဲ့သည်။ အချို့သော အင်တာနက်အသုံးပြုသူများက “အဆိုပါအမျိုးသားသည် ဘဝတွင် အမှားများပြုလုပ်ခဲ့သော်လည်း လွတ်လပ်မှုမဆုံးရှုံးမီ ၎င်း၏ဘေးတွင် ရပ်တည်ပေးမည့်သူ တစ်ဦးရှိနေသေးသည်” ဟု မှတ်ချက်ပြုခဲ့ကြသည်။

လက်ရှိတွင် အာဏာပိုင်များသည် သံသယရှိသူကို တရားဥပဒေကြောင်းအရ ဆက်လက်အရေးယူနေပြီး မူးယစ်ဆေးဝါး ကွန်ရက်တွင် ပါဝင်ပတ်သက်နေသူများကို ဖော်ထုတ်ရန် အမှုကို ချဲ့ထွင်စုံစမ်းနေသည်။
ထိုင်းနိုင်ငံ၏ မူးယစ်ဆေးဝါးဥပဒေအရ စိတ်ကြွဆေးပြားများ လက်ဝယ်တွေ့ရှိမှုအတွက် အပြစ်ရှိကြောင်း တွေ့ရှိပါက သံသယရှိသူသည် ထောင်ဒဏ်နှစ်ရှည် ကျခံရနိုင်သည့်အပြင် လက်နက်မှုနှင့် ပတ်သက်၍လည်း ထပ်ဆောင်းပြစ်ဒဏ်များ ရင်ဆိုင်ရနိုင်သည်။
Ref : The Thaiger
