၁၂.၅.၂၀၂၆
Written by Linn Eain
တိုင်းဒေသကြီး/ပြည်နယ် (၇)ခုမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးဖွားလာသော ကလေးငယ် အသက်(၂)နှစ်အထိ ငွေကြေးထောက်ပံ့မှု(MCCT)အစီအစဉ်နှင့် အသက်(၈၅)နှစ်ပြည့်ပြီးသော သက်ကြီးပုဂ္ဂိုလ်များသို့ လူမှုရေးပင်စင်ထောက်ပံ့ခြင်းတို့ကို ယခုနှစ်ကစတင်၍ ဖုန်းသို့ ငွေလွှဲထောက်ပံ့သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးဖွားလာသော ကလေးငယ် အသက်(၂)နှစ်အထိ ငွေကြေးထောက်ပံ့မှု (Maternal and Child Cash Transfer- MCCT)အစီအစဉ်အရ ကိုယ်ဝန်ဆောင်တစ်ဦးလျှင် ကျပ် ၁၅၀၀၀ နှုန်းဖြင့်လည်းကောင်း၊ လူမှုရေးပင်စင်ထောက်ပံ့ခြင်းအစီအစဉ်အရ သက်ကြီးပုဂ္ဂိုလ်တစ်ဦးလျှင် ကျပ် ၁၀၀၀၀ နှုန်းဖြင့်လည်းကောင်း ထောက်ပံ့လျက်ရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
“တိုင်းဒေသကြီး၊ ပြည်နယ် ၇ ခုက ကိုယ်ဝန်ဆောင်တစ်ဦးကို တစ်လကို ငွေကျပ် တစ်သောင်းခွဲနှုန်းနဲ့ ထောက်ပံ့တာပါ။ ကိုယ်ဝန်ဆောင်ကနေ ကလေးမွေးပြီး ကလေးအသက် ၂ နှစ်အထိ ထောက်ပံ့တာဖြစ်ပါတယ်။ ခြောက်လစာကို တစ်ခါတည်း ငွေလွှဲမှာဖြစ်ပါတယ်။ လူမှုရေးပင်စင်ကတော့ တစ်နိုင်ငံလုံးက အကျုံးဝင်တဲ့ အသက် ၈၅ နှစ်ပြည့်ပြီးတဲ့ အဘိုးအဘွားတွေကို တစ်လကို တစ်သောင်းထောက်ပံ့တာဖြစ်ပါတယ်“ ဟု လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တိုင်းဒေသကြီး/ပြည်နယ် (၇)ခုဖြစ်သော ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ယခုနှစ်၊ မေ ၂၆ ရက်နေ့အထိ ကိုယ်ဝန်ဆောင်အဖြစ်ရှိနေသူများသည် MCCT အစီအစဉ်တွင် အကျိုးခံစားခွင့်ရရှိရန် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး သို့မဟုတ် နီးစပ်ရာ လူမှုဝန်ထမ်းရုံးများသို့ မေ ၃၁ ရက် နောက်ဆုံးထားပြီး စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အကျိုးခံစားခွင့်ရှိသူများအား ၃ လပတ် ၂ ကြိမ် (၆)လစာ ထောက်ပံ့သွားမည်ဖြစ်ပြီး ယခုနှစ်မှစတင်၍ ဖုန်းသို့ငွေလွှဲခြင်းဖြင့် ထောက်ပံ့မည်ဖြစ်၍ ထုတ်ယူလိုသည့် ငွေလွှဲဝန်ဆောင်မှုများအား မိမိတို့၏ လက်ကိုင်ဖုန်းများတွင် ဖွင့်လှစ်ထားရန် လိုအပ်ကြောင်း သိရသည်။
MCCT ထောက်ပံ့ခြင်းအစီအစဉ်နှင့် ပတ်သက်၍ သိရှိလိုသည်များကို လူမှုဝန်ထမ်းဦးစီးဌာန Help Line ဖုန်းနံပါတ် 1566 ၊ 09-889900077 သို့ စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။

ထို့ပြင် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် ပတ်သက်၍ ၁၉၄၁ ခုနှစ်၊ ဧပြီလ ၁ ရက် (၁၃၀၂ ခုနှစ်၊ ဦးတန်ခူး လဆန်း ၆ ရက်) မတိုင်မီ မွေးဖွားခဲ့သည့် အသက်(၈၅)နှစ်ပြည့်ပြီးသော သက်ကြီးပုဂ္ဂိုလ်များအနေဖြင့် လူမှုရေးပင်စင်အစီအစဉ်တွင် အကျိုးခံစားခွင့်ရရှိရန် သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူး သို့မဟုတ် နီးစပ်ရာ လူမှုဝန်ထမ်းရုံးများသို့ မေ ၃၁ ရက် နောက်ဆုံးထားပြီး စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အကျိုးခံစားခွင့်ရှိသူများအား ၃ လပတ် ၂ ကြိမ် (၆)လစာ ထောက်ပံ့သွားမည်ဖြစ်ပြီး ယခုနှစ်မှစတင်၍ ဖုန်းသို့ငွေလွှဲခြင်းဖြင့် ထောက်ပံ့မည်ဖြစ်၍ ထုတ်ယူလိုသည့် ငွေလွှဲဝန်ဆောင်မှုများအား မိမိတို့၏ လက်ကိုင်ဖုန်းများတွင် ဖွင့်လှစ်ထားရန်လိုအပ်ကြောင်း အသိပေးနှိုးဆော်ထားသည်။
လူမှုရေးပင်စင်ထောက်ပံ့ခြင်းအစီအစဉ်နှင့်ပတ်သက်၍ သိရှိလိုသည်များကို လူမှုဝန်ထမ်းဦးစီး ဌာန Help Line ဖုန်းနံပါတ် 1566 ၊ 09-889900033 သို့ပင် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
