၁၂.၅.၂၀၂၆
Translated by Htwe Ko Tun
ယူနိုက်တက်ကင်းဒမ်း၊ အယ်လ်ဘေးနီးယားနဲ့ ကိုဆိုဗို သုံးနိုင်ငံတို့ရဲ့ နိုင်ငံသားဖြစ်တဲ့ ဗြိတိသျှ အဆိုတော်၊ သီချင်းရေးဆရာ အမျိုးသမီး ဒူအာ လီပါက သူမရဲ့ ခွင့်ပြုချက်မရှိဘဲ သူမရဲ့ ပုံကို အသုံးပြုမှုအတွက် တောင်ကိုရီးယားနည်းပညာကုမ္ပဏီ Samsung ကို အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်၊ ဗဟိုခရိုင်တရားရုံးမှာ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
ဒီတရားစွဲဆိုမှုဟာ အမေရိကန်နိုင်ငံတစ်ဝန်းမှာ ရောင်းချတဲ့ Samsung ရုပ်မြင်သံကြားစက်တွေအတွက် ကတ်ထူပြားထုပ်ပိုးမှုမှာ ဗြိတိသျှအဆိုတော်ရဲ့ ဓာတ်ပုံကို အသုံးပြုမှုနဲ့ သက်ဆိုင်တယ်လို့ မေလ ၈ ရက်က ကယ်လီဖိုးနီးယားပြည်နယ်၊ ဗဟိုခရိုင်တရားရုံးမှာ တင်သွင်းခဲ့တဲ့ ဥပဒေဆိုင်ရာ စာရွက်စာတမ်းတွေအရ သိရပါတယ်။

အသက် ၃၀ အရွယ် မော်ဒယ်ဟောင်း လီပါဟာ မကြာသေးမီနှစ်တွေအတွင်း “Don’t Start Now”, “Levitating” နဲ့ “Physical” စတဲ့ သီချင်းတွေနဲ့ အောင်မြင်မှုတွေရခဲ့ပြီး ကမ္ဘာကျော်ထင်ပေါ်ကျော်ကြားတဲ့ အဆိုတော် ကြယ်ပွင့်တစ်ဦး ဖြစ်လာခဲ့ပြီး သူမဟာ Puma, Yves Saint Laurent နဲ့ Versace စတဲ့ ကုမ္ပဏီတွေနဲ့ စီးပွားရေးသဘောတူညီချက်တွေ အများအပြား ချုပ်ဆိုခဲ့ပါတယ်။
ဂရမ်မီ Grammy ဆုရှင်လည်းဖြစ်တဲ့ လီပါဟာ Samsung ကုမ္ပဏီကို သူမရဲ့ ပုံတူကို အသုံးပြုခွင့်ပေးဖို့ သဘောတူညီချက် မချုပ်ဆိုခဲ့ပေမယ့် TV box တွေက သူမ ဒီလိုလုပ်ခဲ့တယ်လို့ ညွှန်ပြနေပြီး Samsung အနေနဲ့ သူ့ရဲ့ အစုလိုက်အပြုံလိုက် ဈေးကွက်တင်ထားတဲ့ ရုပ်မြင်သံကြားစက်တွေရဲ့ ကမကထပြုသူ စပွန်ဆာအဖြစ် လီပါနဲ့ သွယ်ဝိုက်တဲ့ (မှားယွင်းတဲ့) ဆက်စပ်မှုကို အခွင့်ကောင်းယူကာ အကျိုးအမြတ်ရရှိစေခဲ့တယ်လို့ တရားစွဲဆိုမှုမှာ ဖော်ပြထားပါတယ်။
“မစ္စစ် လီပါက Samsung က ကတ်ထူပြားရုပ်မြင်သံကြားသေတ္တာတွေပေါ်မှာ သူမရဲ့တန်ဖိုးရှိတဲ့ ပုံကို ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ်အသုံးချမှုအတွက် မူပိုင်ခွင့်ချိုးဖောက်မှု၊ ကုန်အမှတ်တံဆိပ်ချိုးဖောက်မှုနဲ့ သူမရဲ့ လူသိရှင်ကြားဖြစ်ခွင့်ကို ချိုးဖောက်မှုတို့အတွက် လျော်ကြေးရရှိရန် တရားစွဲဆိုခဲ့သည်” ဟု တရားရုံးတင်သွင်းချက်မှာ ဖော်ပြထားပါတယ်။

“မစ္စစ် လီပါက သူမရဲ့အမည်၊ ရုပ်ပုံနဲ့ ပုံတူမှာ တန်ဖိုးကြီးမားတဲ့ မူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ်နဲ့ လူသိရှင်ကြားဖြစ်ခွင့်တွေကို ပိုင်ဆိုင်ထားပြီး ခွင့်ပြုချက်မရှိဘဲ Samsung က အသုံးချသည့် ရုပ်ပုံအပါအဝင်ဖြစ်သည်” လို့ တရားရုံးတင်သွင်းချက်မှာ ထပ်လောင်းဖော်ပြခဲ့ပါတယ်။
လီပါရဲ့ရှေ့နေတွေက Samsung ဟာ မစ္စစ် လီပါက သေတ္တာတွေပေါ်မှာ သူမရဲ့ပုံ အသုံးပြုနေတာကို ရပ်တန့်ဖို့ ထပ်ခါတလဲလဲတောင်းဆိုမှုတွေကို လိုက်နာဖို့ ငြင်းဆိုခဲ့တယ်လို့ ပြောခဲ့ကြပါတယ်။
တင်သွင်းချက်အရ လီပါက အနည်းဆုံး ဒေါ်လာ ၁၅ သန်း နစ်နာကြေးတောင်းခံထားပါတယ်။
Samsung ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “လက်ရှိတရားရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကြောင့် အခုအချိန်မှာ မှတ်ချက်ပေးဖို့ အနေအထား မရှိသေးပါ” လို့ မေလ ၁၁ ရက်မှာ CNN ကို ပြောကြားခဲ့ပါတယ်။
Ref- CNN
