သက်တံ့
၁၄. ၁၁. ၂၀၂၆
ထိုင်းနိုင်ငံတွင် အသက် ၅၈ နှစ်အရွယ် ဘဏ်ဝန်ထမ်းဟောင်းအမျိုးသမီးတစ်ဦးသည် ဖောက်သည်များ၏ ခွင့်ပြုချက်မရှိဘဲ ၎င်းတို့၏ စာရွက်စာတမ်းများကို အသုံးပြု၍ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ အကောင့်များဖွင့်လှစ်ခြင်းနှင့် ATM ကတ်များ ထုတ်ယူခြင်းတို့ ပြုလုပ်ကာ ၁၃ နှစ်တာကာလအတွင်း ဘတ် ၅၃ သန်းကျော်ကို အလွဲသုံးစားလုပ်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံလိုက်ရသည်။
ရာဇဝတ်မှုနှိမ်နင်းရေးဌာနခွဲ (CSD) ရဲတပ်ဖွဲ့သည် အသက် ၅၈ နှစ်အရွယ် မစ္စ ရွန်ဂရတ်ချာနီ (Ms Rungratchanee) အား သောကြာနေ့က နွန်သဘူရီ (Nonthaburi) ပြည်နယ်၊ ဘန်ခရွိုင် (Bang Kruai) ခရိုင်၊ ဘန်စီထောင် (Bang Sithong) ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ သံသယရှိသူ၏ မျိုးရိုးအမည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
အဆိုပါအမျိုးသမီးသည် ခိုးမှု၊ စာရွက်စာတမ်း အတုပြုလုပ်မှုနှင့် အတုပြုလုပ်ထားသော စာရွက်စာတမ်းများကို အသုံးပြုမှုတို့ဖြင့် ဘန်ကောက်မြို့တော် တောင်ပိုင်းနယ်မြေရာဇဝတ်တရားရုံးက ထုတ်ပြန်ထားသည့် ဖမ်းဝရမ်းဖြင့် အလိုရှိနေသူဖြစ်သည်။
မစ္စ ရွန်ဂရတ်ချာနီသည် ဘဏ်တစ်ခုတွင် ရင်းနှီးမြှုပ်နှံမှု အကြံပေးအဖြစ် လုပ်ကိုင်စဉ် ၎င်းအပေါ် ယုံကြည်ကိုးစားမှုကို အခွင့်ကောင်းယူကာ ဖောက်သည် ၁၃ ဦး၏ အရေးကြီးစာရွက်စာတမ်းများကို ရယူခဲ့ကြောင်း စုံစမ်းစစ်ဆေးသူများက ပြောကြားသည်။ ထို့နောက် ၎င်းတို့၏ ခွင့်ပြုချက်မရှိဘဲ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ အကောင့်များ ဖွင့်လှစ်ခြင်းနှင့် ATM ကတ်များ လျှောက်ထားခြင်းတို့ ပြုလုပ်ခဲ့သည်။
ဖောက်သည်များ၏ ငွေကြေးများကို လွှဲပြောင်း၍ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ အရောင်းအဝယ်များ ပြုလုပ်ခဲ့ပြီး ရရှိလာသော အကျိုးအမြတ်ငွေများကို ကိုယ်ကျိုးအတွက် အိတ်ထဲထည့် သုံးစွဲခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
၂၀၁၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း စုစုပေါင်း ဆုံးရှုံးမှုပမာဏမှာ ဘတ် ၅၃ ဒသမ ၅၇ သန်းအထိ ရှိခဲ့သည်။
အမည်ဖော်ပြမထားသည့် အဆိုပါဘဏ်သည် ပုံမှန်မဟုတ်သော လုပ်ဆောင်ချက်များကို စစ်ဆေးတွေ့ရှိပြီးနောက် ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SEC) ကလည်း ထိုအမျိုးသမီး၏ လိုင်စင်ကို ရုပ်သိမ်းခဲ့ပြီး အရင်းအနှီးဈေးကွက်နှင့် ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းများတွင် လုပ်ကိုင်ခွင့်ကို ၁၀ နှစ်ကြာ ပိတ်ပင်ခဲ့သည်။
ကနဦး စစ်ဆေးမေးမြန်းစဉ်အတွင်း သံသယရှိသူက စွဲချက်အားလုံးကို ငြင်းဆိုခဲ့သည်။ ၂၀၁၁ ခုနှစ် ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက်ပိုင်း မိသားစုမှာ ငွေကြေးအခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပြီး မိသားစု၏ အဓိက ရှာဖွေကျွေးမွေးသူဖြစ်သည့်အတွက် ဖိအားများရှိခဲ့ကြောင်း ၎င်းက ထွက်ဆိုခဲ့သည်ဟု သိရသည်။
၎င်းအား တရားဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်ရန် CSD စုံစမ်းစစ်ဆေးရေးမှူးများထံ လွှဲပြောင်းပေးအပ်ထားကြောင်း သိရသည်။
Ref: Bangkok Post
